အပိုင်း (၁)
မင်းနဲ့ ပြန်ဆုံတဲ့ မိုးရာသီ
မှိုင်းညှို့ညှို့ ကောင်းကင်အောက်ရှိ မြေသင်းနံ့မှာ ထုံသင်းပျံ့လျက်။ အချို့သော အိမ်ခြံဝန်းဝယ် ပန်းကလေးများ မွှေးကြူ ရနံ့ ဖျန်းကာ လန်းဆန်း ပျော်မြူးနေ၏။
မနက်မိုးလင်းကတည်းက ရွာသွန်းထားသော မိုးစက်တို့မှာ ကျောင်းတက် ခေါင်းလောင်း မထိုးခင် တစ်နာရီ အလိုတွင် ရပ်စဲသွားသည်။
ပထမဆုံး ကျောင်းဖွင့်ရက်မို့ သိကြားမင်းက ကလေးတွေကို ငဲ့ညှာပေးပုံ ရ၏။ ရေစိုစို မြေညိုညိုထက် အဖြူ အစိမ်းဝတ် အရောင်လွင်လွင် ကလေးများ လမ်းတစ်လျှောက် ဖြန့်ခင်းထားသယောင် စုံညီကာ နေ၏။ ကျောင်းစိမ်းဝတ်စုံ ကိုယ်စီနှင့် အရွယ်မတူ ကလေးတစ်သိုက်အား ကျောင်းတော်ကြီးမှာ ရင်ခွင်တံခါး ဖွင့်ကာ ကြိုဆိုလျက်။
သာယာလှပသည့် မနက်ခင်း အဖွင့်။ တနည်းအားဖြင့် နေခသစ္စာ၏ လေးနှစ်မြောက် စာသင်နှစ်။ ဖိနပ်အသစ်၊ ကျောင်းဝတ်စုံ အသစ်၊ ကျောပိုးအိတ်အသစ်နှင့် အရာရာ သစ်လွင်တဲ့ နေ့မှာ နေခ ပြန်ဆုံရမည့် သူငယ်ချင်းတွေကတော့ အဟောင်းသာ များ၏။
" နေခ ကျောင်းမှာ စကား များမနေနဲ့နော်။ ဆရာမ စာသင်တာ သေချာ လိုက်နားထောင်။ မေမေ မှာတာ ကြားလား "
" နေခ အင်္ကျီတွေ ပေလူးမလာနဲ့နော်။ လမ်းလျှောက်ရင် ရွှံ့မစင်အောင် သေချာလျှောက် "
" နေခ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ရန်မဖြစ်နဲ့နော်။ ခဲတံတွေ ခဲဖျက်တွေလည်း ဘာတစ်ခုမှ မဖျောက်ပစ်ခဲ့နဲ့ "
ကျောင်းသွားဖို့ ရေမိုးချိုးအပြီး သနပ်ခါး လူးပေးချိန်တွင် မေမေ အမှာ တလဲလဲ ရှိသည့် စကား။ အခုလည်း သုံးတန်း ကျောင်းသား နေခကို မေမေက ကျောင်းအထိ လိုက်ပို့ပေးသည်။
စာသင်ခန်း တံခါးဖွင့်ပြီးနောက် နေခတို့ ထိုင်နေကျအတိုင်း စာသင်ခုံ ရှေ့ဆုံးတန်းကို ရအောင် ဦးသည်။ အကြောင်းပြချက်ရယ်လို့ ရေရေရာရာ မသိပေမဲ့ နေခတို့ ကျောင်းမှာ စာတော်သည့် ကျောင်းသားတိုင်း ရှေ့ဆုံးတန်းမှာပဲ ထိုင်ချင်ကြသည်။ ထို့ကြောင့် နေခက ရှေ့ဆုံးတန်းကိုသာ ရအောင် နေရာ ဦးထိုင်သည်။ အကောင် သေးသေး ဖြူဖြူ သွယ်သွယ် နေခရဲ့ ဘေးမှာ စိုင်းမာန်က အတူ ထိုင်သည်။ လေးယောက်ထိုင်သည့် သစ်သား ခုံတန်းမှာ နေခနဲ့ စိုင်းမာန်က အမြဲ အတူ ထိုင်သည်။ နေခကလည်း စိုင်းမာန်ဘေးမှာပဲ ထိုင်ချင်သည်။ တခြား သူငယ်ချင်းကို ဘေးမှာ မထားချင်။ ထို့ကြောင့် စာသင်ခန်း တံခါးဖွင့်သည်နှင့် နေခက စိုင်းမာန်ရဲ့ လက်ကို မလွတ်စတမ်း ကိုင်ကာ ရထားတွဲလို ထိုင်ခုံဆီ အမြန် ပြေးသည်။