အခန်း (၁၁)
လျှောက်လမ်းကိုယ်စီ
2013 မတ်လမှာ ဖြေဆိုပြီးခဲ့သော စာမေးပွဲကြီးပြီးနောက် ဒီဇင်ဘာသို့ ရောက်သော် နေခတို့ သူငယ်ချင်းအဖွဲ့မှာ မတူညီသော လမ်းကြောင်းပေါ် ကိုယ်စီအသီးသီး လျှောက်လှမ်း ဖြစ်ကြ၏။ ထို့ကြောင့် အရင်လို လူစုံရန် ခဲယဉ်းသွားပေသည်။ အာကာပိုင်က သန်လျင် နည်းပညာတက္ကသိုလ်တွင် ခြေဖြန့်ကာ နေခက လှိုင်သာယာ နည်းပညာတက္ကသိုလ် ကျောင်းသား ဘဝမှာ ပျော်ဝင်သည်။ သဲသဲက စာမေးပွဲကျကာ နောက်နှစ် ဖြေဆိုရန် အားခဲသည်။ ဘွဲ့တစ်ခုရဖို့ အချိန် မပေးချင်ကြသည့် မြတ်မွန်နှင့် စိုင်းမာန်က အဝေးသင် တက်သည်။ မတူညီသော ခံယူချက်နှင့် ရောင်စုံ အိပ်မက်များကြောင့် လျှောက်လှမ်းရာ လမ်းများလည်း ကွဲပြားသွားသည်။
လယ်ဈေးတွေ ထိုးတက်သွား၍ ဖေဖေက ပိုင်ဆိုင်သည့် လယ်ဧကတချို့ကို ရောင်းထုတ်ကာ နေခအတွက် ရန်ကုန်မှာ တိုက်ခန်း တစ်ခန်း ဝယ်ပေးသည်။ ကျောင်းပြီးသည့် နှစ်မှာပဲ မိန်းမ ယူသွားသည့် ကိုလေးက မေမေ့အတွက် ဝန်တစ်ခု ပိုစေသည်။ အလုပ်လက်မဲ့ စုံတွဲအား မေမေနှင့် ဖေဖေက မင်္ဂလာပွဲ ကျင်းပပေးကာ နေရေးထိုင်ရေး စီစဉ် ဆောင်ရွက်ပေးသော်ငြား ကိုလေးက လက်မခံ။ မေမေနှင့်သာ အတူ နေချင်သေးသည်ဟုဆိုကာ အိမ်မှာ သောင်တင်၏။ အလုပ်အကိုင် အခြေတကျဖြစ်မှသာ အိမ်ခွဲနေမည်ဟူ၍ ပြောလာသောကြောင့် မေမေလည်း အတင်းအကြပ် မတိုက်တွန်းတော့ပေ။ ကိုကြီးကတော့ အရက်ကို ခါတိုင်းထက် ပိုမို စွဲလမ်းလာချေပြီ။ ထို့ကြောင့် နေခတို့ အိမ်တွင် စိုပြေလန်းဆန်းမှုတို့ တဖြည်းဖြည်းနှင့် ပျောက်လုနီးနီး ဖြစ်လာရသည်။
ကိုကြီးနဲ့ ကိုလေးတို့ လင်မယားကြား အဆင်မပြေမှုများက တစ်နေ့ထက် တစ်နေ့ ပို၍ စိပ်လာသည်။ မေမေ့ဆန်အိုးထဲမှ အတူနှိုက်ကာ ချက်စားပါသော်လည်း တစ်ယောက်နှင့် တစ်ယောက် အမြင် တိမ်းစောင်းမှုက သာ၍ ဆိုးလာသည်။ ထို့ကြောင့် သားနှစ်ယောက်နှင့် ချွေးမကြား စိတ်ညစ်ရသူမှာ မေမေသာ ဖြစ်ချေ၏။ မပြေလည်သည့် မိသားစု အတွင်းရေးကြား နေခကို ကြားမညပ်စေဖို့ရာ ဖေဖေနဲ့ မေမေက ရန်ကုန်က တိုက်ခန်းမှာပဲ နေကာ ကျောင်းတက်စေသည်။ လိုအပ်သမျှကို တစ်ပတ် တစ်ခါ ထောက်ပံ့ပေးသည်။