အခန်း (၁၀)
ဖြစ်ချင်တာ မရှိတဲ့ ကောင်
နေခအိမ်သို့ အာကာပိုင်နဲ့ စိုင်းမာန်က ညအိပ်ကာ စာလာလုပ်သည်။ လွယ်အိတ် ကိုယ်စီ လွယ်ကာ မပြောမဆိုနဲ့ ရောက်ချလာသည့် နှစ်ယောက်ကို နေခမှာ နှင်လွှတ်၍လည်း မရသည်မို့ ကြည်ကြည်ဖြူဖြူပဲ လက်ခံထားရသည်။
" နေခ .. မေမေ လက်ဖက်သုပ် ပေးရမလား။ ကော်ဖီရော "
" ရတယ် မေမေ။ မလုပ်နဲ့။ စိုင်းမာန်က လက်ဖက် မကြိုက်ဘူး။ သား ပြီးမှ သူတို့အတွက် ကော်ဖီ ဖျော်ပေးလိုက်မယ် "
" အေး။ အေး။ ဒါဆို မေမေ အခန်းထဲမှာ ရှိနေမယ်နော်။ တစ်ခုခု လိုရင် မေမေ့ကို လာနှိုးနော်"
" ဟုတ်ကဲ့ မေမေ "
" စိုင်းမာန်နဲ့ အာကာ ဗိုက်ဆာရင် ထမင်း စားနော်။ မုန့်တွေလည်း ရှိတယ်။ နေခကို ယူခိုင်းလိုက်နော် "
" ဟုတ်ကဲ့ မေချို။ သားတို့ ဗိုက်ဆာရင် ယူစားမယ်နော် "
" အေး။ အေး။ ညဉ့်နက်တဲ့အထိလည်း အရမ်း မနေကြနဲ့ဦး။ နေမကောင်း ဖြစ်မယ် "
" ဟုတ်ကဲ့ မေချို "
မေမေ ပြောသမျှကို အာကာပိုင်က ဒိုင်ခံ ဝင်ဖြေသည်။ နေခအိမ်ကို စိုင်းမာန်က ပိုပြီး အလည် လာနေလေ့ ရှိပြီး အာကာပိုင်ကတော့ ရံဖန်ရံခါမှသာ ရောက်လာတတ်၏။ စိုင်းမာန်အတွက် နေခအိမ်က တံခါးမရှိ ဓားမရှိ အမြဲ ကြိုလင့်နေသော အိမ်ဖြစ်သည်။ ထို့ကြောင့် စိုင်းမာန်မှာ စိမ်းသက်ခြင်း အလျဉ်း မရှိပေ။ အာကာပိုင်ကတော့ မတူ။ ရံဖန်ရံခါမှသာ လာတတ်ပေမဲ့ ဒီကောင်က တစ်ခါ လာတိုင်း မရိုးရအောင် နေခကို အမျိုးမျိုး ခိုင်းစားသည်။
မေမေ့နာမည်မှာ ဒေါ်ချိုချိုဦး ဖြစ်သည်။ အသားဖြူဖြူ၊ ဝဖိုင့်ဖိုင့်နှင့် မေမေက အပြုံး ချိုချိုကိုလည်း ပိုင်ဆိုင်ထားသည်။ ရယ်လိုက်တိုင်း ပေါ်လွင်သွားတတ်သည့် ဘယ်ဖက်ပါးပေါ်ရှိ ပါးချိုင့်မှာ မေမေ့ရဲ့ ဆွဲဆောင်မှုဆိုလည်း မမှားပေ။ ရှေးရိုးမကျသည့် မေမေက ခေတ်ဆန်သည်။ ပွင့်လင်းသည်။ သဘောကောင်းသည်။ ပုခုံးကျော်ရုံ ဆံနွယ်ကောက်ကောက်ကို ဘေးခွဲသ်ိမ်းကာ ခေါင်းစည်းကွင်းဖြင့် ချည်နှောင်ထားလေ့ ရှိသည်။ လှပတင့်တယ်သည့် ရုပ်အဆင်းမှာ ကြည်လင် ရှင်းသန့်သည်။ အတိတ် စာမျက်နှာတွေအရ မေမေတို့ခေတ်မှာ မေမေက အတော်လေး ရေပန်းစားခဲ့သည်ဟု သိရသည်။ အိမ်သူ သက်ထားနေရာအား တင်မြှောက်ချင်ကြသော မင်းခ ယောက်ျားတို့ကြား လူပျိုချော ဖေဖေက မျက်နှာသာ ရကာ မေမေ့ နှလုံးသားအား အပိုင် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ နေခတို့ ညီအစ်ကို သုံးယောက်ထဲ နေခက မေမေနဲ့ အတူဆုံး ဖြစ်သည်။ ထို့ကြောင့် နေခမှာ လှပသည့် မျက်လုံးအိမ် ကျယ်ကျယ်လေး ရှိသည်။ မျက်ရစ် ထင်းထင်းနှင့်အတူ ရှည်လျား ကော့ညွှတ်သည့် မျက်တောင်ကိုလည်း ပိုင်ဆိုင်ထားသည်။
ဆံနွယ်ပျော့ပျော့နှင့် ချိုသာသည့် အပြုံးက မေမေ့ဆီမှ အမွေ ရထားခြင်း ဖြစ်သည်။ ရှည်သွယ်သည့် လက်ချောင်းပေါ်ရှိ လက်ဆစ်တို့က သိမ်ဖျော့ သေးငယ်ကာ လက်သည်းခွံမှာ အမြဲ ကြည်လင် သန့်ရှင်းနေလေ့ ရှိသည်။ နေခ ကိုယ်တိုင်ကလည်း လက်သည်း ခြေသည်းကို ဂရုစိုက်သူ ဖြစ်၍ အမြဲ သန့်ရှင်းနေတတ်သည်။