အခန်း (၈)
တို့ဝေးရာ .. (၁)
ရက်မှ နှစ်သို့ တရွေ့ရွေ့ ရှေ့ဆက်ချီနေသော ပြက္ခဒိန် ရက်စွဲများနှင့်အတူ နေခတို့လည်း တဖြည်းဖြည်း ကြီးပြင်းလာကြလေပြီ။ ဆယ့်ခြောက်နှစ်အရွယ် နေခမှာ အရင်လို အဆော့သန်သည့် ကလေး မဟုတ်တော့ပေ။ အသံ မထွက်ဘဲ ငြိမ်ငြိမ်လေးသာ မွှေတတ်သည့် အကျင့်လေး စွဲငြိကပ်နေရုံတင်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် နေခတို့ ရွာမှာ ဖွင့်ထားသည့် တစ်ခုတည်းသော ကျူရှင်ဝိုင်းမှာ အနီးနား ရွာများတဝိုက်တွင် နာမည်ကြီးလှသည်။ အသင်အပြကောင်းပြီး စည်းကမ်း ကြီးသည့် ဆရာ၊ဆရာမများ၏ စွမ်းရည်နှင့် ကြိုးစားအားထုတ်ဖို့ မပျင်းရိကြသည့် ကျောင်းသား/သူတို့၏ လက်တွဲညီညာ ပူးပေါင်းမှုကြောင့် ရွာကျောင်းမှာ နှစ်စဉ်နှစ်တိုင်း ဂုဏ်ထူးရှင်များ ထွက်ပေါ်လာစမြဲပင်။
ယခုလည်း နေခတို့ ကျောင်းကြီး၏ ဂုဏ်သတင်း မပျက်ယွင်းဖို့ နေခတို့ ကျောင်းသားတွေမှာ တာဝန် ရှိနေလေပြီ။ ဆယ်တန်း ကျောင်းသား နေခမှာ အရင်လို ရွာထဲ လတ်လျားလတ်လျား သွားချိန် ပေါပေါများများ မရှိတော့ပေ။
ကျူရှင်ဝိုင်းမှာ ဆရာက မဝင်သေး၍ နေခတို့ သူငယ်ချင်းတွေ လွတ်လပ်ခွင့် ရနေသည်။ သို့ပေမဲ့ ကျယ်ဝန်းသည့် ကျောင်းမှာလို ဆူညံလို့ မရပေ။ ထို့ကြောင့် စာကြည့်သူက ကြည့်၊ စာအကြောင်း ဆွေးနွှေးသူက နွှေး၊ စကားပြောသူက ပြောဖြင့် ကိုယ့်အာရုံနှင့် ကိုယ် ရှိနေကြသည်။
မနေ့ညကတည်းက ဖျားထားသည့် နေခမှာ နှာစေးနေ၍ စကားပြောလျှင် နှာခေါင်းသံ ပါကာ မျက်ဝန်း တစ်စုံက ကျိန်းစပ်ချင်နေသည်။ ဆေးသောက်ထား၍ အဖျားကျသွားသော်လည်း အရှင်း မပျောက်သေး၍ နေလို့ ထိုင်လို့ သိပ်မကောင်းပေ။
ထောင့်စွန်မှာ ထိုင်သည့် နေခက နံရံကို ကျောမှီကာ ငြိမ်ငြိမ်လေးသာ ရှိနေသည်။ အတန်းထဲမှာတော့ ပွစိပွစိ အသံများက မရပ်သေးပေ။ နံရံကို မှီထိုင်နေရာမှ နေခရဲ့ မျက်တောင်ဖျားတစ်စုံက အပေါ်သို့ ပင့်မြှောက်သွားချိန် ...။
![](https://img.wattpad.com/cover/332169506-288-k521227.jpg)