အပိုင်း (၆)
မင်းဖရဲသီးက ပိုချိုလို့ပါ
နွေရောက်ခဲ့ပြီ။ စပါးပင်တို့ ရိတ်သိမ်းပြီးကာလ ဖြစ်၍ လယ်ကွင်းပြင်မှာ ကျောင်းသား/သူ အဖို့ ဆော့ကစားရာ နေရာဖြစ်သွားသည်။ လယ်ကွက်တို့ ဝိုင်းရံထားသည့် အလယ်တွင် နေခတို့ စာသင်ကျောင်း ရှိကာ အင်္ဂလိပ် အက္ခရာ T ပုံစံအတိုင်း တည်ဆောက်ထားသည်။
နေ့လည် နေ့ခင်း အားကစားချိန်ဆို နေခတို့ ကျောင်းသားတွေ အပျော်ဆုံး ဖြစ်သည်။ စိုစွတ်သည့် မိုးရာသီက သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရ၍ ပျော်စရာဆိုပေမဲ့ ခြောက်သွေ့သည့် နွေရာသီက စိတ်ကြိုက် ကစားလို့ ရ၍ ပိုပြီး ပျော်ဖို့ ကောင်းသည်။
နေ့လည် စာသင်ချိန် တစ်ချိန်ပြီးနောက် အားကစားချိန် ရသည်။ နယ်ကျောင်းဖြစ်၍ အားကစား ဆရာမဟူ၍ သီးသန့် မရှိသလို ကြက်တောင်ရိုက်ကွင်း၊ အေရိုးဗစ် လေ့ကျင့်ခန်း ဟူ၍လည်း မရှိပေ။ အေရိုးဗစ် သင်လျှင် စာသင်ခန်းထဲမှာ ကျောင်းဝတ်စုံတွေနှင့် လက်မြှောက် ခြေဆန့် လုပ်ကြသည်။ ဘောလုံး ကန်ချင်လျှင် အခန်းရှေ့က လယ်ကွင်းထဲ ပြေးဆင်းရုံပင်။ သို့ပေမဲ့ အခန်းရှေ့က လယ်ကွင်းကို အထက်တန်း ကျောင်းသားကြီးတွေသာ အများစု အသုံးပြုကာ နေခတို့က စာသင်ခန်း အနောက်ဖက်ရှိ လယ်ထဲမှာသာ ကစားကြသည်။
ကြိုးခုန်၊ ခိုတွန်း၊ ပန်းကန်လုံးစီး ဆော့ကစားနည်း အမျိုးစုံကို အခန်းနောက်က လယ်ကွင်းထဲ ဆော့ကစားကြသည်။ အားကစားချိန် ရသည်နှင့် ကျောင်းသား အတော်များများ အခန်းထဲ မရှိတော့ပေ။
လယ်ကွင်းထဲ ဆင်း ကစားဖို့အတွက် အခြားသော အတန်းရှေ့က ဖြတ်မလျှောက်ချင်သည့် ကျောင်းသားတွေက ပြတင်းပေါက်က ခုန်ဆင်းကြသည်။ ဆရာမ မိလျှင်တော့ ခြေကျိုး လက်ကျိုးမည်ဟု ဆူငေါက်ခံရသည်။ အခန်းထဲမှာ ဆော့လျှင် တအား မဆူဖို့ ဆရာမက မှာထား၍ စိုင်းမာန်က အခန်းတံခါးကို ပိတ်ပစ်သည်။ ထိုအချိန် နေခနဲ့ အာကာက ပြတင်းပေါက်မှ ခုန်ဆင်းပြီးသား ဖြစ်၏။ မိန်းကလေး တချို့လည်း ပါသည်။
" နေခ နေခ ကြည့် ကြည့် "
နေခတို့ လယ်ကွင်းထဲ ရောက်ရုံ ရှိသေး။ အာကာက အဝေးက သစ်ပင်ကို လက်ညှိုးထိုးကာ လက်တစ်ဖက်ကလည်း နေခရဲ့ ခေါင်းကို ဆွဲလှည့်ပစ်သည်။
