အပိုင်း (၂)
ငါ့စာအုပ်မှာ နာမည်ထိုးပေး
" နေခ ထမင်းစားမယ်။ ကစားတာ တော်တော့ "
မေမေ ဝယ်ပေးထားသည့် ဆိုင်ကယ်ရုပ်တွေနဲ့ ကစားနေတုန်း ထမင်းစားဖို့ ခေါ်၍ နေခ နေရာမှ ထလိုက်သည်။ ထမင်းဝိုင်းမှာ မိသားစု အားလုံး စုံညီနေကြပြီ ဖြစ်၏။ လျှပ်စစ်မီး မရသည့် ဒေသမုိ့ ထမင်းဝိုင်းအလယ် ဖယောင်းတိုင်ဖြူဖြူရဲ့ အလင်းအားသာ ရှိသည်။
မိသားစုမှာ မွေးချင်း ညီအစ်ကို သုံးယောက်ရှိကာ နေခက အငယ်ဆုံးသား ဖြစ်ကာ မေမေ့ အချစ်တွေ အပို ရသည်။ ကိုကြီးက ဉာဏ်အကောင်းဆုံး ဖြစ်ပြီး ကိုလတ်က အဆော့သန်သည်။ နေခကတော့ အိမ်မှာ အငယ်ဆုံးမို့ အစ်ကို နှစ်ယောက်နဲ့ ယှဉ်လျှင် နည်းနည်း ပိုငြိမ်သည်။
ဖေဖေ့ ပန်းကန်ထဲ မေမေက ငါးဟင်းတစ်ဖတ်ကို ခပ်ထည့်ပေးသည်။ ထမင်းဝိုင်းက ဟင်းခွက်ဆီ အကြည့် ရောက်ပြီးနောက် နေခ မျက်နှာ ညိုချင်လာသည်။ ခြေနှစ်ချောင်း ဆန့်ပြီး ဗြဲခနဲ အော်ငိုချင်ပေမဲ့ ဖေဖေ ရှိနေ၍ မလုပ်ရဲပေ။ ထို့ကြောင့် ငြိမ်ကုပ်ပြီးသာ နေရ၏။
" သြော် မေ့နေတာ။ မေမေ သားအတွက် ကြက်ဥ ကြော်ထားတယ်။ ခဏ စောင့် "
နေခ ပန်းကန်ထဲက ထမင်းဖြူဖြူကို မြင်သွားသည့် မေမေက ခုမှ သတိရသွားဟန်။ နေခအတွက် ဟင်းကို မီးဖိုချောင်အိမ်ထဲက ယူလာသည်။
" စားကြည့်ပါလား သားရဲ့။ သား မေမေ လက်ရာ ငါးဟင်းက အရမ်း ကောင်းတာနော်။ ဖေဖေ ငါးရိုးနွှင် ပေးမယ်လေ "
မေမေက ကြက်ဥကြော်ကို နေခ ပန်းကန်ထဲ ထည့်ပေးသည်။ ဖေဖေက နေခကို ငါးဟင်း စားဖို့ ချော့မြူနေသည်။ နေခ ထမင်းတစ်လုတ်ကို ပါးစပ်ထဲ ထည့်ဝါးရင်း ခေါင်းခါပြလိုက်သည်။
နေခတို့ မိသားစုက ငွေရေးကြေးရေး အတန်အသင့် ချောင်လည်သည့်ထဲ ပါသည်။ ဖေဖေက လယ်သမားဖြစ်ကာ မေမေက ချက်ပြုတ်ရေးမှာ တာဝန်ယူသည်။ ဖေဖေရော မေမေရော အနေအေးကာ သဘောကောင်းသည့် လူကြီးတွေဟု ရွာထဲမှာ အသိ များကြသည်။
ကိုကြီးက သွားဖက်ဆိုင်ရာ ဆေးကျောင်းသား ဖြစ်သည်။ ကိုလတ်က နေခတို့ ကျောင်းမှာပဲ ပညာ သင်ကာ အလယ်တန်းနှစ် ရှစ်တန်း ကျောင်းသား ဖြစ်၏။