အပိုင်း (၇)
ရေးခဲ့ဖူးတဲ့ ရည်းစားစာ
ရာသီတွေ အလီလီ ကူးပြောင်းသည်။ လောကတစ်ခွင်အား နွေမိုးဆောင်းတို့ တစ်လှည့်စီ အလှဆင်ကြသည်။ ကုန်ဆုံးသွားသည့် အချိန်နှင့် အမျှ နေခတို့လည်း တဖြည်းဖြည်း ကြီးပြင်းလာကြပြီ။
နေခတို့ ရွာမှာ ဖွံ့ဖြိုး တိုးတက်စ ပြုလာသည်။ အရင်က မိုးရွာလျှင် ရွှံ့ဗွက်တို့ ထတတ်သော မြေညီလမ်းအစား ကတ္တရာလမ်းမကြီးက ခန့်ခန့်ထည်ထည် နေရာယူသည်။ တစ်ရွာလုံး လုပ်အားပေး ဝိုင်းကူထားသော ကတ္တရာ လမ်းခင်းမှာ ရွာ၏ ပင်မ လမ်းမကြီး ဖြစ်သည်။ ရန်ကုန်မြို့သို့ သွားသော လမ်းပန်း ဆက်သွယ်ရေးမှာလည်း တဖြည်းဖြည်းနှင့် ကူးပြောင်းစ ပြုချိန် ဖြစ်သည်။ လူပြည့်မှ ထွက်ရသည့် ဂျစ်ကားတွေ နေရာမှာ ဆိုင်ကယ် ကယ်ရီတွေကို အသုံးပြုလာကြသည်။ ငွေကြေး ကုန်ကျမှု ပိုမို များပြားပေမဲ့ အချိန်အားဖြင့်တော့ သက်သာသည်။
ရှစ်တန်း ကျောင်းသား နေခမှာ အတန်းထဲ စာအတော်ဆုံး ဂုဏ်ပုဒ်ကို လက်လွှဲ ပေးလိုက်ရချေပြီ။ အာကာပိုင်က စာအတော်ဆုံး ကျောင်းသား စာရင်းဝင် ဖြစ်လာသည်။ စိုင်းမာန်ကိုတော့ ဆရာ, ဆရာမတွေ အားကိုး အားထားပြုရသည့် အတန်းခေါင်းဆောင်အဖြစ် အသိများကြသည်။
နေခ ...
နေခကတော့ ပေါက်ပန်းလေးဆယ် နေခဟူ၍ နာမည် မတွင်ရုံတမယ် ဗရုတ်ကျသူ ဖြစ်လာသည်။
သက်ထားကို ပိုးပန်းနေသည့် အခန်းထဲက သူငယ်ချင်းအတွက် ရည်းစားစာ ကိုယ်စား ရေးပေးခဲ့ဖူး၍ ဆရာမဆီ အတိုင်ခံရဖူးသည်။ မြတ်မွန်ကို ငိုအောင် စ၍ ဆရာမ ကြိမ်းတာ ခံရသည်။ အာကာပိုင်ကို ပုဆိုး လိုက်ဆွဲချွတ်၍ မိုးမွှန်အောင် အဆဲခံရသည်။ သမိုင်းစာကို စိုင်းမာန်နဲ့အတူ ဆိုကာ ရောချဖူးသည်။ ဆရာမ မိသွား၍ အစအဆုံး ပြန်ကျက်ကာ ဆရာမဆီမှာ ပြန်ဆိုရသည်။ နေခရဲ့ လက်ရှိ အခြေအနေမှာ အတန်းရဲ့ ချစ်မွှေးလေး ဖြစ်နေတော့သည်။" နေခ "
" ဘာလဲ "
လက်ထဲက ရီပို့ကဒ်ကို မှင်သေသေ ကြည့်ကာ နေခ ပြန်ထူးလိုက်သည်။ လပတ် စာမေးပွဲမှာ အဆင့်တစ် ရသည့် အာကာပိုင်က ပျော်မြူးနေသည်။ စိုင်းမာန်ကတော့ ခပ်အေးအေးပင်။