အပိုင်း (၃)
ငါ ပြန်လိုက်ပို့ရမလား
" နေခ နေခ ဟဲ့ ငါ ခေါ်နေတယ်လေ "
အတန်းရှေ့မှာ လျှောက်ရင်း စိုင်းမာန်နဲ့ စကား ပြောနေချိန်မို့ မြတ်မွန် လှမ်းခေါ်ပေမဲ့ နေခ မကြား။ စိတ်မရှည်သည့် မြတ်မွန်က နေခရဲ့ ဂုတ်ပိုးက အင်္ကျီစကို ဆောင့်ဆွဲမှပဲ နေခရဲ့ ခြေအစုံ ရပ်တန့်သွားသည်။
" ဖြည်းဖြည်း လုပ်ပါဟ "
" ငါ ခေါ်နေတာ နင်မှ မထူးဘဲ။ စိတ်မရှည်တော့လို့ "
ဆုပ်ကိုင်ထားသည့် အင်္ကျီစကို လွှတ်ချပေးရင်း ပြောလာသည်။ နေခ မျက်လုံး ဝင့်ကာ ဘာလဲ ဟူသော သဘောဖြင့် ကြည့်လိုက်၏။
" စိုင်းမာန်ကို မေးမလို့ "
" ဒါဖြင့် ငါ့ကို ဘာလို့ လာဆွဲနေလဲ။ ငါ့ကို ပြောမှာလည်း မဟုတ်ဘဲ "
" နင်က စိုင်းမာန်ကို စကားတွေ များနေတာကို။ အဲ့တော့ နင့်ပါးစပ်ပိတ်သွားအောင်လို့ ဆွဲလိုက်တာ "
" ဖြစ်ရတယ် "
နေခရဲ့ နှုတ်ခမ်းထောင့် တစ်ဖက် ကွေးညွှတ်သွား၏။ ရွဲ့ချိတ်ချိတ် ပြောသံကို မြတ်မွန်က ကြားပေမဲ့ အာရုံမထားပေ။ စိုင်းမာန်ကို ကြည့်ကာ ----
" ငါတို့ ဇယ်ခုတ်မလို့ ပါဦးမလား "
" အေး။ ပါမှာပေါ့။ နေဦး။ ငါ အာကာ့ကို သွားခေါ်လိုက်ဦးမယ် "
စိုင်းမာန်ကို မေးတာဆိုပေမဲ့ ပြန်ဖြေသူက နေခ ဖြစ်၏။
" မကစားတတ်ဘဲ သူက ပါဦးမယ်။ ပြီးရင် ငါတို့ကို လိုက်ရှုပ်တော့မှာ။ စိုင်းမာန် နင်ကလည်း နည်းနည်းပါးပါး ဝင်မပြောဘူး "
" နင်က သူရှိတဲ့ အချိန် လာခေါ်တာကို "
" အေး။ ငါ မေ့သွားတာ "
တက်ကြွသည့် နေခက မြတ်မွန်ရဲ့ နောက်ဆက်တွဲ ညည်းညူသံကို မကြားတော့ပေ။ အာကာ့ကို ခေါ်ဖို့ သွားနှင့်ချေပြီ။ စိုင်းမာန် သဘောကျကာ ရယ်ကျဲကျဲ ကျန်ခဲ့၏။
" သူ မွှေရင် ငါ ရိုက်လွှတ်မှာ "
" အေးပါ။ မပူနဲ့။ နင် ရိုက်စရာ မလိုဘူး။ ငါ ရှိတယ်။ ငါ သူ့ကို အရင်လုပ်ထည့်လိုက်မယ် "