Ep - 9

69 17 4
                                    

အခန်း (၉)

တို့ဝေးရာ ... (၂)

အပြင်ဝန်းကျင်ရှိ အလင်းရောင်မှာ တဖြည်းဖြည်းနှင့် မှောင်ရိပ် ကြဉ်း၍ ကြဉ်း၍ လာ၏။ ကိုလေးရဲ့ သူငယ်ချင်းမှာ အဝတ်အစား အပြည့်အစုံ ဝတ်ပြီးနောက် ထွက်သွားပြီ ဖြစ်သော်လည်း နေခမှာ လှေကားထစ် အောက်ဆုံးထစ်၌ တိတ်ဆိတ် ငြိမ်သက်ကာ ထိုင်လျက်။ နေခရဲ့ စိတ်ဝိညာဉ်မှာ လွင့်စင်နေသည့်အလား။ ဗလာသက်သက် မျက်ဝန်းတို့ဖြင့် ငေးငိုင်ကာ တည်ရှိ၏။

တစ်ရွာတည်းသားချင်းမို့ ကိုလေးရဲ့ သူငယ်ချင်းကို နေခလည်း သိသည်။ ထိုသူငယ်ချင်းမှာ သူငယ်တန်းမှ ဆယ်တန်းအထိ ကိုလေးနဲ့ တစ်တန်းတည်း တက်ကာ ခင်ခင်မင်မင် ရှိကြသည်။ ကိုလေးက အင်ဂျင်နီယာ တက္ကသိုလ်ကို ရွေးချယ်ကာ ထိုသူငယ်ချင်းက အဝေးသင် တက်ပြီး မိတ်ကပ် ပညာကို လေ့လာနေသူ ဖြစ်၏။ အပြောအဆို ၊ အနေအထိုင် နွဲ့နှောင်းသော မိန်းမလျာ တစ်ယောက်အား ကိုလေးက ထိုကဲ့သို့ လုပ်ရပ်မျိုး ဘာကြောင့် ပြုသလဲ နေခ မသိပေ။

" ဒီလောက်ဆို ဟိုကောင် ပြန်ကျားပြီမလား "

" အကျားလွန်ပြီး မင်းကိုပါ ဆွဲထိုးတော့မှာ "

" ဟား ဟား မဖြစ်နိုင်တာ နွေဦးရာ။ ဒီကောင်လား ဆွဲထိုးမှာ .. ငါတို့ကို တွေ့တာနဲ့ မိုးမွှန်အောင် ဆဲပြီး ပါးလိုက်ရိုက်မှာကွ ! မင်း မယုံရင် ကြည့်ထား ! "

ခြံဝန်းထဲက အသံမှာ တစ်စထက် တစ်စ နီးကပ်၍ လာသည်။ မှောင်ရိပ်သမ်းသည့် အိမ်ကြီးထဲ နေခသာ ရှိ၏။ ခြေလှမ်းများနှင့်အတူ အသံများက နီးကပ်၍ လာလေ နေခမှာ အမျိုးအမည် မသိသော  ကြောက်စိတ်က ဝပ်တွားစွာ တိုးလို့ လာ၏။ နေခ မတ်တပ် ထရပ်လိုက်သည်။ ထို့နောက် အိမ်ထဲသို့ ကိုလေးနဲ့ သူငယ်ချင်းတသိုက် ဝင်မလာခင် တံခါးဝမှာ ဆီးကြိုကာ စောင့်နေလိုက်သည်။

နေခကို မြင်မြင်ချင်း ကိုလေးရဲ့ မျက်နှာ ပျက်ယွင်းချင်သွား၏။

" နေခ မင်းက ဘယ်အချိန်ကတည်းက ရောက်နေတာလဲ "

ကြားခဲ့ရသော လှောင်ရယ်သံ ပိုင်ရှင်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ နေခဆီမှာ   ဗဟိုချက် တည်၏။ နေခရဲ့ အမူအရာကို အကဲခတ်နေတာပဲ ဖြစ်သည်။ နေခ ဘာမှ မဖြစ်သလိုသာ ဟန်ဆောင် နေပြလိုက်၏။

96 LinerWhere stories live. Discover now