အပိုင်း (၄)
မင်းနဲ့ မခေါ်ဘူး
" စိုင်းမာန် .. ကျောင်းမှာ လိမ်လိမ်မာမာ နေနော် "
" ဟုတ်ကဲ့ မေမေ "
မေမေက စိုင်းမာန်ကို မုန့်ဖိုး ပေးရင်း မှာသည်။ စိုင်းမာန် မေမေ့ကို ခေါင်းညိတ် ဖြေပြီး ထီးတစ်ချောင်းကို ဆွဲကာ အိမ်ထဲမှ ထွက်ခဲ့လိုက်သည်။
" မေမေ သား သွားပြီနော် "
" အေး။ အေး။ ပြေးမသွားနဲ့နော်။ ချော်လဲမယ် "
" ဟုတ်ကဲ့ မေမေ "
စိုင်းမာန် မေမေ့ကို နှုတ်ဆက်ကာ ကျောင်းသို့ ထွက်ခဲ့လိုက်သည်။ ရွာကျောင်းက အိမ်နဲ့ သိပ်ပြီး အလှမ်း မဝေးပေ။ ထို့ကြောင့် စိုင်းမာန်ကို မေမေက ကျောင်းတက် ခေါင်းလောင်း ထိုးချိန်နီးမှ အိမ်က လွှတ်သည်။ စိုင်းမာန်ကတော့ ကျောင်းကို စောစော ရောက်ကာ သူငယ်ချင်းတွေနဲ့ ကစားချင်သည်။ သို့ပေမဲ့ မေမေ့ စကား နားမထောင်ဘဲ အချိန်စောပြီး မသွားရဲပေ။ စိုင်းမာန်က ငယ်သေး၍ မေမေ လုပ်ခိုင်းသလိုသာ လုပ်ရသည်။ ထပ်တွန့် မတက်ရဲပေ။ မဟုတ်လျှင် ဆော်ပလော်တီးခံရလိမ့်မည်။ လက်ဆပြင်းသည့် မေမေ့အကြောင်း သိပြီးသားမို့ စိုင်းမာန် အရိုက်မခံချင်ပါ။
ကျောင်းကို သွားသည့် လမ်းမှာ အာကာနှင့် တိုးသည်။ စိုင်းမာန်နဲ့ ယှဉ်လျှင် အာကာ့အိမ်က ကျောင်းနဲ့ နည်းနည်း ပိုဝေးသည်။ ထို့ကြောင့် အာကာက ထမင်းချိုင့် ထည့်လာရသည်။
" စိုင်းမာန် စိုင်းမာန် "
အာကာက စိုင်းမာန်ကို တွေ့သည်နှင့် အော်ခေါ်သည်။ လူကလည်း စိုင်းမာန်ရဲ့ ဘေးကို ရောက်လာသည်။ ထီးက တစ်ဖက်၊ ထမင်းချိုင့်က တစ်ဖက်နှင့် အာကာက လက်နှစ်ဖက်လုံး မအားပေ။ ကျောပိုးအိတ်ကို လွယ်ကာ မိုးတွင်းစီး ဖိနပ်ပါးကို စီးထားသည်။ ကွက်တိကွက်ကျား လိမ်းထားသည့် သနပ်ခါးက နဖူးမှာ အပုံလိုက် ဖြစ်ကာ ပါးနှစ်ဖက်ပေါ်က ကြည့်ရဆိုးသည့် ပါးကွက်ရာတွေက မခြောက်သေးပေ။ လက်ရှိ အာကာ့ပုံက ကြောင်ချေးရုပ်လေးနှင့်ပင် တူနေ၏။
" ဟေ့ကောင် မင်း မျက်နှာက ဘာဖြစ်တာလဲ "
" ငါ့ဘာသာ လိမ်းလာတာ။ ဟီးးး။ လှတယ်မလား "
![](https://img.wattpad.com/cover/332169506-288-k521227.jpg)