ပျော်ရွှင်ခြင်း ဆိုတာကို အင်တိုက်အားတိုက် ရှာဖွေကာမှ မဖြစ်စလောက်လေး တွေ့ရမဲ့ အရာလို့ ဒန်ဘီက သတ်မှတ်ထားခဲ့တာ။ ဒါပေမဲ့ ပျော်ရွှင်ခြင်း ဆိုတာမျိုးက လွတ်လွတ်လပ်လပ် သီကြွေးလို့ ရတဲ့ သီချင်းလေးတစ်ပုဒ်ထဲမှာလည်း ဖောဖောသီသီ ရှိနေခဲ့ပြီး၊ ပျော်ရွှင်ခြင်း ဆိုတာမျိုးက ဒန်ဘီ ဖက်တွယ်ထားသရွေ့ သူ့ဘက်က ဘယ်တော့မှ ဒန်ဘီ့ကို အရင် လက်လွှတ်မသွားမဲ့ သစ္စာတွေနဲ့ ရစ်ပတ်ထားမှန်းကိုလည်း အဲဒီညက ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်ခဲ့ရတယ်။
အဲဒီညက ညနက်တဲ့အထိ ဒန်ဘီတို့ သီချင်းတွေ ဆိုဖြစ်ခဲ့တယ်။
အစကတော့ တစ်ပုဒ်တစ်လေကိုတောင် ခက်ခက်ခဲခဲ ဆိုရမယ် ထင်ထားပေမဲ့... ဒန်ဘီဟာ ကိုယ့်ကိုယ်ကိုယ် တအား အထင်သေးခဲ့မိတာ ဖြစ်မလားပဲ...။
ဒန်ဘီ့သီချင်းကို ပံ့ပိုးပေးတဲ့ ဂီတာသံ..။ ဒန်ဘီ့သီချင်းကို မရပ်တန့်စေချင်အောင် ပြုစားထားတဲ့ အားပေးမှုတွေ..။ ဒန်ဘီဟာ အဲဒီညက ရင်ခုန်ခြင်းကို ပထမဆုံး ကြုံဖူးတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်လိုမျိုး လှိုက်လှိုက်လှဲလှဲ ပျော်နေခဲ့တာ။ ဒန်ဘီ သီဆိုနေရင် မင်ဂီက ဟာမိုနီ လိုက်ပေးပြီး မင်ဂီ သီဆိုရင်တော့ ဒန်ဘီက ဟာမိုနီ လိုက်ပေးဖြစ်တဲ့ အင်္ဂလိပ် သီချင်းတွေ။ ပြီးတော့ ကိုးရီးယား သီချင်းတွေ။ မင်ဂီနဲ့ ဒန်ဘီတို့ နှစ်ယောက်တည်း မဟုတ်ဘဲ တစ်ချို့သီချင်းရဲ့ Chorus တွေပေါ်မှာ ဟာရီနဲ့ မင်ချိုတို့ အသံကပါ သာယာနာပျော်ဖွယ်ကောင်းအောင် ရောယှက်နေခဲ့သေးတယ်။
အချိန်တွေကို အဲဒီညက ဒန်ဘီတို့ ဂရု မထားခဲ့မိ။ ပျော်ရွှင်ခြင်းကို ပုံဖော်တဲ့ နေရာမှာ အချိန် ကန့်သတ်ထားတာမျိုးလည်း ရှိဖို့ မလိုအပ်ဘူး မဟုတ်လား။
'ရှင်သန်တယ် ဆိုတာ ဒါမျိုး' တဲ့။ မင်ဂီ ပြောဖူးတဲ့ စကားကို ဒန်ဘီ ပြန်ကြားလာတယ်။ ဒန်ဘီ အခုတော့ ရှင်သန်တယ် ဆိုတာ ဘယ်လို ခံစားချက်မှန်း သိခဲ့ပြီ။ သိပြီးပြီးချင်းမှာပဲ ဒီ ရှင်သန်မှုကို ရပ်တန့်ပစ်လိုက်ရမှာ ဒန်ဘီ ကြောက်လာတယ်။
ဒန်ဘီ ရှင်သန်ချင်တယ်။ ဒန်ဘီ ဆက်ပြီး ရှင်သန်နေချင်တယ်။ ဒန်ဘီ အမြဲတမ်း..ဒီလိုလေးပဲ..ရှင်သန်နေချင်လိုက်တာ..။
VOCÊ ESTÁ LENDO
You and Me and San Diego (Completed)
Contoဘဝမှာ လုံးဝ လက်လွှတ်လိုက်လို့ မဖြစ်တဲ့ အခိုက်အတန့်တွေ ရှိတယ်တဲ့။ အခု မဟုတ်ရင် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မကြုံနိုင်တော့မဲ့ အဲဒီလို အခိုက်အတန့်မျိုးတွေပေါ့။