ဒန်ဘီ့ကို စိုက်ကြည့်နေတဲ့ အမေ့မျက်လုံးတွေက ဆူးတစ်ချောင်းနဲ့ တူတယ်။ ဒန်ဘီ့တစ်ကိုယ်လုံးရဲ့ ရှိသမျှ အသားစိုင်တွေကို အပေါက် ဖြစ်အောင် အထပ်ထပ်အခါခါ ထိုးဆွနိုင်စွမ်း ရှိတဲ့ အဲဒီလို ဆူးမျိုး။
"အခုချက်ချင်း အထုတ်တွေ သွားသိမ်း အင်မ်ဒန်ဘီ! အိမ်ပြန်မယ်"
တအား စိတ်အခန့်မသင့် ဖြစ်ရတဲ့ နေ့တွေမှာတောင် အနားမှာ လူတွေ ရှိရင် အမြဲ လေသံအေးလေးနဲ့ပဲ ပြောဖူးတဲ့ အမေက အခုတော့ သူ့လေသံရဲ့ အမြင့်နှုန်းကို ချုပ်တည်းထားနိုင်ခဲ့ပုံ မရဘူး။ အမေဟာ အဲဒီလောက်ထိ ဒေါသထွက်နေခဲ့တာ..။ အေးစက်တုန်ယင်လာတဲ့ လက်ဖျားတွေနဲ့အတူ ရပ်လက်စ နေရာမှာတင် ဒန်ဘီ တောင့်ခဲနေမိတယ်။ မင်ဂီ၊ ဟာရီနဲ့ မင်ချိုတို့ကတော့ အမေနဲ့ ခပ်လှမ်းလှမ်း အကွာမှာ ရပ်ရင်း ဒန်ဘီ့ဘက်ကို မျက်နှာငယ်လေးတွေနဲ့ ငေးနေကြတယ်။ Shane ကတော့ ဒန်ဘီ့အနောက်တည့်တည့်မှာ။ လှည့်မကြည့်မိတာမို့ Shane ရဲ့ မျက်နှာ ဘယ်လို အနေအထားနဲ့ ရှိနေမလဲကို ဒန်ဘီ မသိပါဘူး။
"အထုတ်တွေ သွားသိမ်းပြီး ပြန်ထွက်လာခဲ့လို့ ပြောနေတယ်လေ အင်မ်ဒန်ဘီ! အိမ်ပြန်မယ်လို့"
"ဟုတ်..ဟုတ်ကဲ့ အမေ"
ဒန်ဘီဟာ တစ်ခါပြန်ပြီး အင်မ်ဒန်ဘီ ဖြစ်သွားခဲ့တယ်။ အင်မ်ဒန်ဘီ ဆိုတာ အမေ့အမိန့်သံကလွဲပြီး တခြား ဘာကိုမှ ဦးနှောက်ထဲ ဘာသာ မပြန်တတ်အောင် Program ဆွဲထားတဲ့ စက်ရုပ်တစ်ရုပ်လေ။ အမေ ပုံသွင်းထားတဲ့ ဘောင်ထဲက ရုန်းထွက်မိရင် အစိတ်စိတ်အမွှာမွှာ ကျိုးကြေပျက်စီးသွားမယ်လို့ မှိုင်းတိုက်ခံထားရတဲ့ အဲဒီလို သက်ရှိ အရုပ်တစ်ရုပ်။
နောက်ထပ် 2 ရက်လောက် ဆက်နေရဦးမယ် ထင်ထားခဲ့ပေမဲ့ ဒန်ဘီဟာ ရုတ်တရက်ဆန်စွာနဲ့ပဲ ဆန်ဒီရေဂိုကို ကတိုက်ကရိုက် နှုတ်ဆက်ရတော့မဲ့ပုံပါ။ သက်တောင့်သက်သာနိုင်စေခဲ့တဲ့ အဝတ်အစားတွေ၊ သက်တောင့်သက်သာနိုင်စေခဲ့တဲ့ သဲသောင်ပြင်တွေ၊ သက်တောင့်သက်သာနိုင်စေခဲ့တဲ့ သီချင်းတွေနဲ့ သက်တောင့်သက်သာနိုင်စေခဲ့တဲ့ လူသားတွေ၊ အားလုံးကိုရောပေါ့..။
YOU ARE READING
You and Me and San Diego (Completed)
Short Storyဘဝမှာ လုံးဝ လက်လွှတ်လိုက်လို့ မဖြစ်တဲ့ အခိုက်အတန့်တွေ ရှိတယ်တဲ့။ အခု မဟုတ်ရင် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မကြုံနိုင်တော့မဲ့ အဲဒီလို အခိုက်အတန့်မျိုးတွေပေါ့။