"ဆုန်းဒန်ဘီ..!! တကယ် အရမ်း အရမ်း အရမ်း အရမ်း လွမ်းပြီး.. အရမ်း အရမ်း အရမ်း အရမ်း စိတ်ပူနေခဲ့တာလို့.. သိရဲ့လား!!"
Facetime ဖွင့်ဖွင့်ချင်း ငိုသံကြီးနဲ့ ထအော်တဲ့ မင်ချိုရဲ့အသံကြောင့် ဒန်ဘီ့မှာ မျက်လုံးတွေပါ ပိတ်ကျတဲ့အထိ ရယ်မိတော့တယ်။
တကယ်တော့ ဒန်ဘီလည်း သူငယ်ချင်းတွေကို အများကြီး လွမ်းနေခဲ့တာပါ။
မွန်းကျပ်နေတဲ့ ကိုယ့်ဘဝကိုယ် စိတ်ညစ်လို့ ဒီအတောအတွင်း တမင် အဆက်အသွယ် ဖြတ်ထားခဲ့ပေမဲ့၊ ဘာကိုမှ ရှောင်ဖယ်မနေတော့ဘဲ ထိပ်တိုက်ရင်ဆိုင်မယ် ဆိုတဲ့ စိတ်တစ်ခု မွေးပြီးကတည်းက ဒန်ဘီ့ နေ့တွေ၊ ညတွေက နည်းနည်းပြန်ပြီး အသက်ရှူချောင်လာတယ်။ အတိအကျရက်စွဲနဲ့ ပြောရရင်တော့ အမေနဲ့ဒန်ဘီနဲ့ ဆိုင်ကျဉ်းကျဉ်းလေးမှာ အမဲသားဂျုံခေါက်ဆွဲ သွားစားတဲ့ နေ့က စခဲ့ပါတယ်။Medium Rare Steak ကို မကြိုက်ရင် တကယ်ပဲ တခြား တစ်မျိုးနဲ့ ပြောင်းမှာလို့ ရရဲ့လား ဆိုတာ သေချာ မစမ်းသပ်ရသေးပေမဲ့.. အမေဟာ ပြောပြီးသားစကားကို ပြန်မပြင်တတ်တဲ့၊ ဖြောင့်မတ်တဲ့ အမျိုးသမီးတစ်ယောက်မို့..ဒန်ဘီ့ကို မဖြစ်နိုင်တဲ့ အခွင့်အရေး တစ်ခု ပေးခဲ့တာတော့ ဟုတ်ပုံ မရပါဘူး..။
"နေကောင်းကြရဲ့လား"
ဒန်ဘီ မေးလိုက်တဲ့အခါ မင်ချိုက ခေါင်းညိတ်တယ်။
ဒန်ဘီ့ကို Screen ပေါ်ကနေ မျက်စောင်း အတင်း လှမ်းထိုးနေတဲ့ မင်ဂီကတော့ "မကောင်းဘူး" ဆိုပြီး ဆောင့်ဆောင့်အောင့်အောင့် ပြန်ပြောတယ်။"အလကား.. လူက ဒေါင်ဒေါင်မြည်ပဲ.. သူ့ အီစီကလီကောင်လေးနဲ့ ကွိုင်တက်ထားလို့ နှလုံးသားလေးက နေမကောင်းဖြစ်နေတာဟေး"
ဟာရီ့အပြောကြောင့် မင်ဂီ့မျက်နှာကြီးက စောစောကထက် ပိုမှုန်ကုပ်လာတယ်။ အဲဒီ ရုပ်ကို ကြည့်ပြီး မတရား စနောက်ပစ်ချင်တဲ့ စိတ်က ဒန်ဘီ့အသွေးအသားထဲ ကုပ်တွယ်တက်လာတယ်။
"ချာမင်ဂီ.. ဟာ.. ငါတို့ အဆက်အသွယ် မလုပ်ဖြစ်တာ ခြောက်လတောင်ကို နင်က ခုထိ အီစကလီအဆင့်ကနေ တက်အောင် မလုပ်နိုင်သေးတာလား..? ငါက နင်တို့ ရည်းစားတွေ ဖြစ်ပြီးလို့ မင်္ဂလာခန်းမတောင် ရွေးနေပြီ မှတ်တာလေ"
![](https://img.wattpad.com/cover/367168565-288-k202999.jpg)
YOU ARE READING
You and Me and San Diego (Completed)
Short Storyဘဝမှာ လုံးဝ လက်လွှတ်လိုက်လို့ မဖြစ်တဲ့ အခိုက်အတန့်တွေ ရှိတယ်တဲ့။ အခု မဟုတ်ရင် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မကြုံနိုင်တော့မဲ့ အဲဒီလို အခိုက်အတန့်မျိုးတွေပေါ့။