•𝟐•

85 18 2
                                    

"ငါက နွားရိုင်းမကြီးပါဟယ်.. ငါက နွားရိုင်းမကြီးပါ.. အဲဒီကောင် အလံနီမှန်း သိရက်နဲ့ တဇွတ်ထိုး ဝင်တိုးချင်နေတဲ့ ငါကပဲ နွားရိုင်းမကြီးပါဟယ်"

"သိပါတယ်..သူငယ်ချင်းလေးရယ်.. အဲဒါ နင့်ရဲ့ ဘဝပေးကုသိုလ်ကံပဲလေ"

စားပွဲပေါ်မှာ ဟန်းဖုန်းကို မသိမသာ မှောက်ပြီး ဒန်ဘီ တင်ထားပေမဲ့ Voice Recording ထဲ စိမ့်ဝင်နေသမျှက တစ်ဖက်ဝိုင်းဆီက စကားပြောသံတွေချည်း။ ဒန်ဘီ စိတ်အိုက်လာလို့ ခေါင်းကို ငုံ့ပြီး လေတစ်ချက် မှုတ်ထုတ်လိုက်မိတယ်။ ဒန်ဘီ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ လူကတော့ တစ်ဖက်ဝိုင်းက စကားပြောသံကိုလည်း ကြားပုံ မပေါ်..။ ဒန်ဘီ့ အမူအရာပျက်ယွင်းမှုကိုလည်း မြင်ပုံ မပေါ်..။ ဟိုတစ်ရက်ကအတိုင်း ဖုန်းမျက်နှာပြင်ထဲ မျက်လုံးနှစ်ဖက် စိုက်ဝင်မတတ် ငုံ့ကြည့်ပြီး ပတ်ဝန်းကျင်ကို ချေချေငံငံ ဥပေက္ခာ ပြုထားလေတယ်။

ဒီလူက ဒန်ဘီနဲ့ ယှဉ်ရင် အသက်တော့ ပိုငယ်မှန်း သိသာပါတယ်။ မျက်နှာပေါ်မှာ စာနဲ့ ရေးထားသလို ပေါ်နေတဲ့ ထီမထင်ဟန်နဲ့ မောက်မာဟန်တွေက ဒန်ဘီ Blind Date လာတွေ့ဖူးတဲ့ တခြား သူဌေးသားတွေအတိုင်း တစ်ထပ်တည်း။ ဘာမှ ထူးမခြားနား။ အားလုံး ဒီပုပ်ထဲက ဒီပဲတွေ။

ဒန်ဘီက အမေ တွေ့ခိုင်းလို့ ဒီနေ့ Blind Date ကို လာခဲ့တာ ဖြစ်သလို ဒီလူကိုယ်တိုင်လည်း သူ့မိဘတိုက်တွန်းတဲ့အတွက် ဒန်ဘီနဲ့ မတတ်သာဘဲ လာတွေ့ပေးရပုံ ပေါ်တယ်။ အဲဒါကို မကျေနပ်လို့ ရောက်ကတည်းက စကားတစ်ခွန်းမှ မပြော။ ဘာအစားအသောက်မှလည်း မမှာတဲ့အပြင် ဒန်ဘီ့ကို ကြည့်တောင် မကြည့်ဘဲ ဖုန်းပဲ ငုံ့သုံးနေတာ။ နားမှာ ဖောက်ထားတဲ့ Piercing တွေက နှစ်ဖက် ပေါင်းရင် ခုနှစ်ခုလောက် ရှိပြီး ဆံပင်အောက်ဖျားတွေကို အစိမ်းရောင် Highlight ဖောက်ထားတာမို့ ပုံစံက တကယ် ဟော့ဟော့ရမ်းရမ်း။ ဒီပုပ်ထဲက ဒီပဲ ဆိုပေမဲ့ ဒီတစ်ခေါက် တွေ့တဲ့ ပဲကတော့ တခြား တွေ့ဖူးသမျှ ပဲတွေထက် နည်းနည်း ပိုပြီး အစာမကြေစေမဲ့ပုံ။

"Spaghetti မကြိုက်ဘူး ဆိုရင် တခြား တစ်ခုခု မှာလိုက်ရမလားဟင်"

အမေ ပြန်နားထောင်မဲ့ ဟောဒီ စကားဝိုင်းအတွက် ဒန်ဘီ့ဘက်က ရိုင်းစိုင်းမှုကို ယောင်လို့တောင် ထုတ်ပြလို့ မရ။ ဒါကြောင့်မို့ လေသံကို ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာလေး ဖြစ်နေအောင် ပုံသွင်းပြီး အပြုံးတစ်ချို့ကိုပါ မတွန့်မတိုနဲ့ နှုတ်ခမ်းပေါ် ဒန်ဘီ ကောက်တင်လိုက်တယ်။ ဒန်ဘီ့ဆီက အသံ ထွက်လာတော့ ဖုန်းပွတ်နေတဲ့လူက မျက်လွှာ ပင့်ကြည့်တယ်။ ပြီးတော့ ချက်ချင်းပဲ မျက်ခုံးတစ်ဖက်ကို တွန့်ချိုးလိုက်တယ်။ အဲဒီအမူအရာက သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်နေပြီး သိပ်ကိုလည်း စိတ်ပျက်လက်ပျက် နိုင်နေကြောင်း အထင်းသား ပေါ်နေတယ်။

You and Me and San Diego (Completed)Donde viven las historias. Descúbrelo ahora