•𝟏•

256 30 0
                                    

အမေဟာ ဗီးနပ်စ်ဂြိုလ်ပါပဲ...။

ဒါက ကဗျာဆန်တဲ့ တင်စားခြင်းလို့ ထင်ရင်တော့ဖြင့် တက်တက်စင်အောင် လွဲသွားလိမ့်မှာ။

စကြဝဠာထဲက ဂြိုလ်ကြီးရှစ်လုံးထဲ နေနဲ့ အနီးဆုံးဂြိုလ်က မာကျူရီ ဆိုပေမဲ့ အံ့ဩစရာကောင်းအောင်ပဲ အဲဒီ မာကျူရီထက်ကို ဗီးနပ်စ်ဟာ ပိုပြီး ပူပါသတဲ့လေ။

သိပ်သည်းလွန်းတဲ့ ဓာတ်ငွေ့ထုလွှာ...
မြောက်မြောက်မြားမြား ရှူရှိုက်မိရင် အသက်အန္တရာယ်ကို ဒုက္ခပေးမဲ့ ကာဗွန်ဒိုင်အောက်စိုက်...
တိမ်တွေပေါ် ရစ်တွယ်ထားတဲ့ ဆာလ်ဖျူရစ်အက်စစ်တွေအထိ....

အရမ်း ဖိအားများပြီး...
အရမ်း အသက်ရှူကျပ်စေပြီး...
အရမ်း မခံချိမခံသာနိုင်တဲ့ ဝေဒနာတွေကို ပိုက်ထွေးထားတဲ့ ဂြိုလ်...။

အမေဟာ အဲဒီလို ဗီးနပ်စ်ဂြိုလ်..။

အတူ ရှိနေရုံနဲ့ အပူငွေ့တွေ ဟပ်လာအောင် ဖန်တီးတတ်တဲ့...
အပြင်ပိုင်း မြင်နေရတဲ့ အဖြူရောင်ပုံရိပ်နဲ့ သိပ်ခြားနားလွန်းတဲ့...
တောက်ပပေမဲ့လည်း အတွင်းဘက်မှာ အများကြီး လောင်ကျွမ်းနေခဲ့တဲ့...

အဲဒီလို ဗီးနပ်စ်ဂြိုလ် တစ်လုံးပါပဲ။

✦ .  ⁺   . ✦ .  ⁺   . ✦ .  ⁺   . ✦ .  ⁺   . ✦

"Steak လှီးတိုင်း အောက်ခံပန်းကန်နဲ့ ဓားနဲ့ ခြစ်မိတဲ့အသံ မထွက်အောင် ဂရုတစိုက် လှီးပါလို့ ဘယ်နှစ်ခါ ပြောနေရမှာလဲ"

ဓားကိုင်ထားတဲ့ ဒန်ဘီရဲ့ လက်တွေ တုံ့သွားတယ်။ ထွက်လာတဲ့ အမေ့အသံက သိပ်ကိုမှ ဣန္ဒြေရပြီး တိုးလွန်းပါတယ်။ နီးနီးလေးက ဖြတ်သွားတဲ့ Waiter တောင်မှ အမှတ်တမဲ့ ကြားမသွားလောက်မဲ့ အဲဒီလို အသံ။ ဒါပေမဲ့ ဒီလို ခပ်တိုးတိုး အသံတွေရဲ့ ရေဆူမှတ် အတိုင်းအတာကို အသားကျနေပြီ ဖြစ်တဲ့ ဒန်ဘီအတွက်တော့ ဒီအသံဟာ နားစည်တစ်ခုလုံး မြည်ဟည်းသွားလောက်အောင် ကျယ်လောင်နေခဲ့ပါတယ်။

"တောင်းပန်ပါတယ် အမေ"

ညာလက်နဲ့ ကိုင်ထားတဲ့ ဓားကို ဒန်ဘီ ဖွဖွလေး ပြန်ကြွပြီး ဘယ်လက်ထဲက ခက်ရင်းကို ညာလက်ဆီ ပြောင်းယူလိုက်တယ်။ အဲဒီနောက်မှာ လှီးဖြတ်ပြီးသား အမဲသားလွှာကို ပါးစပ်ထဲ ဂရုတစိုက် ထည့်တယ်။ အသားကို ဝါးနေတဲ့အချိန် နှုတ်ခမ်းတွေ နည်းနည်းတောင် ပွင့်မလာစေရ။ အသားကို ဝါးနေတဲ့ အသံ နည်းနည်းတောင် ထွက်မလာစေရ။ လျှာဖျားပေါ် အသား ရောက်ရောက်ချင်း အရသာခံအာရုံတစ်ခုလုံး ပျို့တက်လာပေမဲ့ ဒန်ဘီ့မျက်လုံးတစ်စုံထဲ ဘယ်လို ခံစားချက်ပြယုဂ်မှလည်း ယောင်လို့တောင် ပေါ်မလာစေရ။

You and Me and San Diego (Completed)Tempat cerita menjadi hidup. Temukan sekarang