"ဟာအို နောက်လည်း ဟန်ဘင်းလို့ပဲ ခေါ် သိလား"
စိတ်တိုလွန်း၍ စိတ်လွတ်သွားပြီး အော်မိသွားတာတောင် လုံးဝ စိတ်ဆိုးဟန်မပြဘဲ ဟာအို့ကို ကြည့်ကာ သေချာ ပြောနေသည်က မျက်နှာလာပြောင်နေသလို။
အစည်းအဝေးကိုလည်း ဆောင်းဟန်ဘင်းကပင် တထစ်လျော့ကာ လိုက်စေပြီး စိတ်ငြိမ်သွားချိန်ရောက်မှ ဟာအိုမှာ ရင်တထိတ်ထိတ်။
ရေရှည် အလုပ်ထဲမှာ တွေ့နေရမယ့် ဆက်ဆံရေးမျိုးကို ကိုယ့်ဘက်က အရမ်းကလေးဆန်သလို ဖြစ်လွန်းသွားသည်ဟု ခံစားမိလိုက်ရသည်။
အမှန်ဆို ဒီကောင်လေးက ဟာအိုထက် လုပ်ငန်းအတွေ့အကြုံရော အသက်ရော အများကြီး ကွာတာကို။
ဟာအိုက လူကြီးဆန်ဆန် ဖြေရှင်းပြီး တုံ့ပြန်ရမည့် ကိစ္စရပ်ကို စိတ်ခံစားချက်ကို လိုက်ပြီး အော်မိသွားသည်။အောင်မလေး.! စိတ်ပျက်စရာ ပါးစပ်ပါ့လား!
ဒီနှုတ်သီးလေးက ထိန်းပါဦးတော့လား ? အသက်ကလည်း မငယ်တော့ဘူး..ဟူးး..အလုပ်ဆင်းချိန်ထိ အတတ်နိုင်ဆုံး မျက်နှာကို တည်ငြိမ်အောင် ထိန်းထားရင်း အိမ်ကို တန်းမပြန်ချင်သေးတာနှင့် တစ်ယောက်တည်းဆို ချက်မစားဖြစ်ပေမယ့် ဆောင်းဟန်ဘင်းက အရွယ်လေးနဲ့ မလိုက် မနက်စာ ညစာကို သေချာ ချတ်ပြုတ်တတ်သူမို့ ဟင်းချက်စရာ အသီးအနှံအသားငါးတို့ကို လှည့်ပတ်ဝယ်ရင်း အချိန်ဖြုန်းနေလိုက်သည်။
ခဏခဏ မဝယ်ရအောင် တစ်ပတ်စာလောက် ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားမည်ဟု တွေးမိပြီး အကုန် ဝယ်ခြမ်းပြီးစီးချိန်တွင် သတိရလိုက်မိသည်က နောက်တစ်ရက်နှစ်ရက်နေရင် ဆောင်းဟန်ဘင်းက အိမ်ပြောင်းတော့မှာ ဆိုတာပင်။
သောက်ကျိုးနဲ.. အတူတူ နေတာကြီးက အသားကျနေလိုက်ပုံများ ကိုယ်တိုင်ပင် လန့်ဖျပ်သွားရတော့သည်။မျက်နှာလေးကို မော့ချီပြီး ခပ်တည်တည်ပင် အထုပ်တွေဆွဲကာ တံခါးဖွင့်ဝင်လာသည့် သူကို ဆောင်းဟန်ဘင်းက စိတ်ပူနေဟန်။
"ဟာအို ဖုန်းတွေ ဒီလောက်ခေါ်နေတာကို ဘာလို့ မကိုင်တာလဲ"
"ဈေးဝယ်နေတော့ မသိလိုက်တာနေမယ်"
"ဘာတွေ ဒီလောက် အများကြီး ဝယ်လာတာလဲ ၊ ချက်တတ်တာလဲ မဟုတ်ပဲနဲ့. "