နှစ်တစ်ရာကျင့်ကြံပြီးနောက်အခန်း၄၄ ။ ဆုခွဲဝေခြင်း
"မင်းတို့ဘက်ခြမ်းက နတ်ဆိုးကျင့်ကြံသူတွေကို အကုန်ရှင်းလိုက်ပြီလား"
ရှန်းတောက်မင် အနည်းငယ်အံ့သြသွားသည်။ ရှန်းရူယန်ပစ်ပေးလိုက်သော သိုလှောင်အိတ်များမှာ ဝူစန်းနျန်အသုံးပြုသော အိတ်များဖြစ်ကြောင်း သူသိလိုက်သည်လေ။ ရှန်းရူယန်က ပြုံးရယ်လျက်
"ဟုတ်ပါ့ရှင်၊ဒါတွေအားလုံးက အကြီးအကဲကျန်းရဲ့ ကျေးဇူးကြောင့်ပါ"
ရှန်းတောက်မင်က အကြီးအကဲကျန်းကို အံ့အားသင့်စွာ ကြည့်မိလိုက်သည်။ ထို့နောက် ရှန်းရူယန်က ကျန်းချန်ရွှမ်၏ မွေးရာပါမျက်လုံးအစွမ်းအကြောင်း ရှင်းပြလိုက်ရာ ရှန်းတောက်မင်မှာ တိုး၍ပင် အံ့သြသွားတော့သည်။ ထိုစွမ်းရည်မှာ နတ်ဆိုးကျင့်ကြံသူများ၏ တည်နေရာကို ရှာဖွေရာ၌ အသုံးဝင်လှသည်။ ထို့နောက် ရှန်းရူယန်က
"အကြီးအကဲကျန်းမှာ ဒီစွမ်းရည်ရှိနေကြောင်း လူတွေသိသွားရင် အကျိုးမရှိလို့ ဒီကိစ္စကို လောလောဆယ်ဖုံးကွယ်ထားမှဖြစ်မယ်"
ရှန်းတောက်မင်ကလည်း ရှန်းမိသားစုကို အုပ်ချုပ်စီမံနေသော ခေါင်းဆောင်ပီပီ ဆိုလိုရင်းကို နားလည်လိုက်သည်!
"ဒါပေါ့ ဒီကိစ္စကို ဖုံးကွယ်ထားမှ တို့အားလုံးအတွက် အကျိုးရှိမှာပေါ့"
ထို့နောက် ရှန်းတောက်မင်က ကျန်းချန်ရွှမ်ကို စိုက်ကြည့်လျက်
"အကြီးအကဲကျန်း မစိုးရိမ်ပါနဲ့ ကျုပ်အကုန်စီစဉ်လိုက်မယ်"
"ဒါဖြင့် မိသားစုခေါင်းဆောင်ကို ဒုက္ခပေးရတော့မှာပဲ"
ကျန်းချန်ရွှမ်က ပြုံးလျက်ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ရှန်းတောက်မင်၊ ရှန်းရူယန်တို့နှင့် ပူးပေါင်းလျက် နတ်ဆိုးကျင့်ကြံသူများ ပုန်းခိုကျက်စားနေသောနေရာများကို ပိုက်စိပ်တိုက်ရှာဖွေပါတော့သည်။ အခြေခံတည်ဆောက်မှုအဆင့်နှင့် ချီသန့်စင်ခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူ အတော်များများမှာ ရှန်းတောက်မင်လက်ချက်နှင့် သေဆုံးကုန်ကြသည်။ ဆယ်ရက်ခန့်ကြာပြီးနောက် ရှန်းမျိုးနွယ်စုပိုင်ဆိုင်သော ဧရိယာများတွင် ခိုအောင်းနေကြသော နတ်ဆိုးကျင့်ကြံသူအားလုံးကို အပြီးတိုင်ရှင်းလင်းပစ်နိုင်လိုက်သည်။
YOU ARE READING
နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ်
Aventurafollowing a hundred years of cultivation i'm dying before i got a cheat skill (百年修仙,我快死了金手指才来) Author - Far Westworker Translator - Linkar <လင်္ကာ> Chapters - 700++ Status - Ongoing