ဒီနေ့ညကို အိမ်ကိုစောစောပြန်ချင်ပေမယ့် အစီအစဉ်မရှိဘဲ ပါတီတစ်ခုကိုတက်လိုက်ရ၍ အခုအိမ်ပြန်ရောက်ချိန်မှာတော့ ည ၉ နာရီထိုးနေလေပြီ။ အိမ်ကိုစောပြန်ရောက်ချင်တဲ့ အကြောင်းအရင်းက သူဖုန်းဆက်ထားတာကို ပြန်လည်းဆက်မလာ၊ သူစာပို့ထားတာကို ပြန်လည်းမပို့တဲ့ ကျန်းဟာအိုနဲ့ စာရင်းရှင်းချင်သောကြောင့်ဖြစ်သည်။ ဒါသူ့ကို သောက်ဂရုမစိုက်ဘူးဆိုတဲ့ သဘောမဟုတ်လား။ ဖုန်းထပ်ဆက်မလို့လုပ်ပေမယ့်တစ်နေကုန်ရှုပ်နေတဲ့ အလုပ်ကိစ္စတွေကြောင့် မဆက်ဖြစ်ခဲ့။ ကျန်းဟာအိုက ဘာကြီးကြီးကျယ်ကျယ်တွေလုပ်နေလို့ သူ့ဆီကို ဖုန်းမပြန်ဆက်နိုင်ရတာလဲ။ ဒီလိုမျိုး သူ့ကိုကြောတာမျိုးကို သူက ဘာကြောင့် ကျော်သွားရမှာလဲ... အဓိပ္ပါယ်မရှိ။ကားပါကင်မှာ ကျန်းဟာအိုရဲ့ ကားကိုတွေ့ခဲ့သောကြောင့် ဒီလူပြန်ရောက်နေပြီဆိုတာ သိလိုက်ရသည်။ အခန်းထဲကိုဝင်လိုက်တာနဲ့ တစ်ခန်းလုံးမီးတွေပိတ်ထားပြီး ညအိပ်မီးသာဖွင့်ထားသည်ကိုတွေ့လိုက်ရသည်။ မှိန်ဖျော့ဖျော့အလင်းရောင်အောက်မှာ ထိုလူကတော့ အိပ်ရာပေါ်မှာ မျက်လုံးလောက်သာဖော်ပြီး စောင်ခြုံထားရင်း အိပ်ပျော်နေလေသည်။
ကောင်းလိုက်တာ... သူကတော့ တစ်နေ့လုံး အလုပ်တွေရှုပ်နေသည့်ကြား ဒီလူကြောင့် စိတ်တိုနေရပေမယ့် ထိုလူကတော့ အပူအပင်မရှိ အိပ်လို့ကောင်းနေလိုက်တာများ။ ကျုပ်ကို အလေးမထားတဲ့ခင်များကို ဒီလိုမျိုး ကျုပ်က ကောင်းကောင်းပေးအိပ်ခိုင်းလို့ရမလား။
အခန်းမီးတွေအကုန်လုံးကို သွားဖွင့်လိုက်ပြီး
"ကျန်းဟာအို အခုချက်ချင်း ထစမ်း!"
မျက်စိရှေ့မှာမြင်နေရတဲ့ တောင်တန်းတွေနောက်ခံထားတဲ့ စိမ်းစိုစိုတောအုပ်ကို ကြည့်ရင်း ဟာအိုဟာ ပန်းချီဆွဲနေခဲ့တာ... ဆွဲနေခဲ့တဲ့ပုံက တောာင်တန်းတွေမဟုတ်သလို တောအုပ်ပုံလည်းဟုတ်မနေ။ သူနဲ့ မလှမ်းမကမ်းမှာ ဒီမြင်ကွင်းကိုမျက်နှာမူထားပြီး သူ့ကိုကျောပေးရပ်နေတဲ့ လူတစ်ယောက်ရဲ့ နောက်ဘက်ခြမ်းပုံကို ဆွဲနေခဲ့တာ။ အကုန်လုံးဆွဲပြီးလို့ လက်စသတ်ခါနီးမှာ သူ့အရှေ့ကသူက လှည့်လာပြီး သူ့နာမည်ကိုအော်ရင်း ထခိုင်းနေလေတယ်။