"မင်းကားကိုထားခဲ့လိုက်... မနက်ဖြန်မှလာယူခိုင်းလိုက်မယ်!"ရုတ်တရက်ကြီး အနမ်းခံလိုက်ရတဲ့အပြင် ဘေဘီဆိုပြီး ခေါ်ခံလိုက်ရတဲ့ အခြေအနေမှာ ဂျီအွန်းဟျောင်းကိုတောင် မနှုတ်ဆက်နိုင်ခဲ့ဘဲ ဆောင်းဟန်ဘင်းဆွဲခေါ်ရာနောက်ကို ပါလာခဲ့မိသည်။ လူကို သူ့ကားထဲကို အတင်းတွန်းတင်ပြီး ကားတံခါးကိုဆောင့်ပိတ်ကာ ကားကို အရှိန်နဲ့မောင်းထွက်လိုက်သူကြောင့် ဟာအိုဟာ ဘုရားတရားတမိတော့သည်။
"မသေချင်ရင် ခါးပတ်ပတ်ထား ကျန်းဟာအို!"
အခုထိ အသိစိတ်က ကပ်လိုက်ခွါလိုက်ဖြစ်နေတာကြောင့်ရော ဒေါသထွက်နေသူအား လန့်နေတာကြောင့်ရော သူ့မှာ ခါးပတ်တောင်မပတ်နိုင်။ စကားကို ချိုချိုသာသာမပြောတတ်တဲ့ မကောင်းတဲ့ကောင်။
ကားခါးပတ်ကိုဆွဲပတ်လိုက်ပြီးနောက် ဟာအိုဟာ ခါးပတ်ကြိုးကိုပဲ လက်နှစ်ဖက်လုံးနဲ့တင်းနေအောင်ကိုင်ရင်း ကားဘေးအပြင်ဘက်ကို မျက်နှာလှည့်ထားလိုက်သည်။ ခဏတာထိသွားတဲ့နှုတ်ခမ်းက အထိအတွေ့ကို ပြန်တွေးမိတော့ အခုထိ ပူနေသေးသလို ခံစားရပြီး အောက်နှုတ်ခမ်းကို ကိုက်ချလိုက်မိသည်။
ကားမောင်းနေသူဆီက ဘာစကားမှထပ်မကြားရပေမယ့် စကားထက်ပြင်းထန်တဲ့အရာကတော့ ကားကို မိုင်ကုန်တင်ပြီးမောင်းနေခဲ့ခြင်းဖြစ်သည်။ ညနက်နေပြီမို့လို့ လမ်းပေါ်မှာကားတွေရှင်းနေ၍သာ တော်သေးသည်။
အိမ်ရှေ့မှာ ကားကိုအရှိန်နဲ့ထိုးရပ်လိုက်သောကြောင့် ဟာအိုဟာ ကားအရှေ့ ဒက်ရှ်ဘုတ်နဲ့ သွားမဆောင့်မိအောင် လက်နဲ့ကာလိုက်ရသည်။ ပြီးနောက်ကားပေါ်က ဆင်းလိုက်ရင်း
"မင်း လူလိုမရပ်တတ်ဘူးလား!"
"ကျုပ်စိတ်က ခုချိန်လူစိတ်ရှိတယ်ထင်နေတာလား"
ကားလော့ချလိုက်ကာ သူ့အရှေ့ကနေ ဘောက်ဆတ်ဆတ်လျှောက်သွားသူနောက်လိုက်သွားလိုက်ရင်း
"ကျန်းဟာအို ခင်များ ကျုပ်စကားကို အလေးမထားတာလား"
"ငါ ဘာလုပ်လို့လဲ.. ငါ့သာသာငါ ငါ့မိတ်ဆွေနဲ့သွားတွေ့တာ မင်းကို သံတော်ဦးတင်ရမှာလား.. ဆုတောင်း"