"ဆိုတော့ ကောနဲ့ဆောင်းဟန်ဘင်းက ဘယ်လိုကြီးလဲ။ အခုထိကို မပြေလည်ကြသေးဘူးပေါ့?"ချွမ်ရွေ့နဲ့ အိမ်ထောင်ကျပြီးကတည်းက မတွေ့ရသေးတာမို့ ညီအစ်ကိုနှစ်ယောက် ညစာထွက်စားရင်း ချွမ်ရွေ့က သူ့အိမ်ထောင်ရေးကို အဆင်ပြေမပြေမေးလာတဲ့အပေါ် နေ့တိုင်းတော့ တကျက်ကျက်ပဲလို့ ဖြေလိုက်တော့ သူ့ညီက စိတ်ပျက်တဲ့လေသံနဲ့ သူတို့နှစ်ယောက်က ဘယ်လိုကြီးလဲ လို့မေးလာလေတယ်။ ဟာအိုလည်း သူတို့နှစ်ယောက်အကြောင်းကို တစ်ခါတစ်လေ စဉ်းစားမိပါတယ်။ ဒီပုံစံအတိုင်း သူတို့ကြားမှာ အချစ်မရှိဘဲ တစ်သက်လုံးဖြတ်သန်းသွားရတော့မှာလားပေါ့။ သူ့အချစ်နဲ့ ဂရုစိုက်မှုတွေကို ဟန်ဘင်းဆီ ပွင့်ပွင့်လင်းလင်းဖော်ထုတ်လိုက်ရအောင်ကလည်း တစ်ဖက်က မချစ်ရုံတင်မဟုတ်ဘဲ မုန်းပါမုန်းနေခဲ့တာမဟုတ်လား။ သိပ်ချစ်ပေမယ့်လည်း သူ့အချစ်တွေကို အထင်သေးမခံနိုင်သူမို့ သူ့ဘက်ကစပြီး ဖွင့်ပြောမိလိမ့်မယ်မထင်ဘူး။
စိတ်ပူနေသော သူ့ညီလေးဆီကို ပြုံးပြလိုက်ပြီးနောက်
"အဆင်ပြေသွားမှာပါ... ဒါငါကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်မို့ ဆိုးဆိုးကောင်းကောင်း ငါက အဆင်ပြေအောင် ကြိုးစားရမှာပေါ့"
"ကောကို ဆောင်းဟန်ဘင်းက ဘာလို့ အမြင်မကြည်တာလဲ ကျွန်တော်ဖြင့် စဉ်းစားလို့မရဘူး"
"သူ့အိမ်ထောင်ဘက်က ယောကျာ်းလေးတစ်ယောက်ဖြစ်နေခဲ့လို့ထင်တာပဲ။ မဟုတ်ရင်လည်း စီးပွါးရေးကိစ္စတွေကြောင့် သူ့ကိုအသုံးချပြီး လက်ထပ်တယ်လို့ထင်ထားပုံပဲ"
ကော ပြောတာက ဖြစ်နိုင်ပေမယ့် သူ့ကောကလည်း စီးပွါးရေးကိုဝါသနာမပါပေမယ့် တခြားတစ်ဖက်မှာ နာမည်တစ်လုံးနဲ့အောင်မြင်နေတဲ့သူပဲကို။ အဲ.. တစ်ခုရှိတာက အဲနာမည်နဲ့ ကောကို ဘယ်သူမှ တွဲမမြင်မိကြတာလေးကတော့ချွင်းချက်ပေါ့။
"ကောဘက်က သူအထင်လွဲနေတာကို မရှင်းပြတော့ဘူးလား"
သူမေးလိုက်တော့ ကောက ပြုံးရုံသာပြုံးပြီး
"ရှင်းပြစရာမလိုဘူး။ ဟန်ဘင်းလိုလူက ရှင်းပြလိုက်ပြီးရင် ငါ့အနားက ထွက်ပြေးသွားလိမ့်မယ်... အမှန်ဆို စီးပွါးရေးလုပ်ငန်းတွေက ငါ့အတွက် စိမ်းသက်နေတဲ့အရာတွေမှ မဟုတ်တာ။ ဒီရည်ရွယ်ချက်နဲ့တော့ ဘယ်သူ့ကိုမှ အသုံးမချဘူး။ အဓိကက သူဖြစ်နေလို့၊ ငါလက်ထပ်မယ့်သူကဟန်ဘင်းဖြစ်နေလို့ လူကြီးတွေကို ခုတုံးလုပ်ပြီး သူ့ကို ငါ့အပိုင်ဖြစ်အောင်လုပ်ခဲ့တာ"