အခုတလော ကျန်းဟာအိုတစ်ယောက် ဆောင်းဟန်ဘင်းဆီ ထမင်းချိုင့်ပို့တဲ့ရာထူးကို အတင်းအကျပ်ခန့်အပ်ထားခြင်း ခံထားရလေသည်။ ဟန်ဘင်းအနေနဲ့ဆိုရင်တော့ ဟာအို့ကိုအတင်းအကျပ်ခိုင်းတာလို့တွေးထားလောက်ပေမယ့် သူ့အတွက်ကတော့ ကြည်ကြည်ဖြူဖြူထမ်းဆောင်ချင်တဲ့ တာဝန်တစ်ခုမို့ နေ့ခင်း ၁၁ ခွဲပြီဆို သူ့ကားလေးက ဟန်ဘင်းရဲ့ ကုမ္ပဏီအောက်ကို အချိန်မှန်ရောက်နေလေပြီ။Reception က ဝန်ထမ်းတွေက သူ့ကို ဥက္ကဌဆောင်းရဲ့အမျိုးသားလို့ သိပြီးကတည်းက ဒီကိုလာတိုင်း အမေးအမြန်းမရှိ ဟန်ဘင်းအခန်းထဲကို တန်းဝင်လို့ရသွားလေသည်။ ဟန်ဘင်းထမင်းစားပြီးတာကိုစောင့်ပြီးမှ ပြန်တာကြောင့် အနည်းဆုံးတော့ သူ ဟန်ဘင်းရုံးခန်းထဲမှာ ၁ နာရီလောက်တော့ နေ့တိုင်းနေဖြစ်လေသည်။ ဒီလိုဆိုလို့ သူတို့နှစ်ယောက်က ပိုရင်းနှီးသွားမလားထင်နေကြရင်တော့ မှားပါလိမ့်မယ်။ တစ်နေ့တစ်မျိုး မရိုးရအောင် အကြောင်းအရာအမျိုးမျိုးနဲ့ ရန်ဖြစ်ရတာ အမြဲ။
အခုလည်း ဟင်းက စပ်လွန်းတယ်၊ မစားနိုင်ဘူးဆိုပြီး ရစ်နေလေသည်။
"ငါ ဒီလောက်အစပ်ကို မစားနိုင်တာ မင်းမသိဘူးလား"
"ငါက မင်းရဲ့စာချုပ်ပေါ်ကယောကျ်ားလေ... ဘယ်သိမလဲ"
"ကျန်းဟာအို မင်းရွဲ့တာများနေပြီနော်! အဲစကားက မပြီးနိုင်တော့ဘူးလား?"
"ငါဘယ်မှာရွဲ့လို့လဲ... အဲစကားက မင်းစပြောတာလေ"
သူပဲအပြောကောင်း... ဒင်းအနိုင်ကျင့်ပြီးရစ်တာကျတော့ မမြင်ဘူး။ သူရွဲ့တာပဲမြင်တယ်... လူဆိုးကောင်ကိုမျက်စောင်းထိုးလိုက်ရင်း စပ်တယ်လို့ပြောတဲ့ဟင်းကို မြည်းကြည့်လိုက်တော့ ဟာအို့ပါးစပ်ထဲမှာ အနေတော်ပဲ။ သူ့ကိုဘုကြည့်ကြည့်နေသော ဟန်ဘင်းအား ဘာလဲဆိုသောအကြည့်နဲ့ပြန်ကြည့်လိုက်တော့
"ကင်ထယ်ရယ် အပြင်ခဏထွက်ပေး!"
စကားတောင်မဆုံးသေး သူတို့နဲ့ မလှမ်းမကမ်းမှာထိုင်ပြီး စာရင်းလုပ်နေတဲ့သူ့အတွင်းရေးမှူးထယ်ရယ်ဟာ အပြင်ကိုရောက်သွားလေပြီ။ အဲလောက်တောင်ကြောက်တာလား...သူ့သူဌေးကို။ ထယ်ရယ်ဘက်ကို လှမ်းငေးနေတုန်း သူ့အနားကိုရောက်လာသူကြောင့် ဟာအိုဟာ လန့်သွားလေသည်။ ဆိုဖာက တစ်ယောက်ထိုင်ဆိုဖာမို့ တစ်ယောက်တည်းထိုင်နေတုန်းက မကျဉ်းသော်လည်း အခုသူ့ဘေးနားကို ဟန်ဘင်းက ဝင်ထိုင်လိုက်သောကြောင့် သူတို့ရဲ့အသားတွေက ပူးကပ်နေပြီး လှုပ်မရပြုမရတဲ့ အခြေအနေကို ရောက်သွားလေသည်။