Chapter 12

298 72 22
                                    


ဟန်ဘင်းမှာ ကားမောင်းနေရင်း ကိုယ့်အဖြစ်ကိုကိုယ်တွေးပြီး ရယ်ချင်လာမိသည်။ စာချုပ်တွေပြင်ခိုင်းပြီး ဒီညနေပဲကွာရှင်းမယ်ဆိုပြီး တကဲကဲလုပ်နေတဲ့သူက အခုကျတော့လည်း ကျန်းဟာအိုပျောက်နေလို့ စိတ်ပူနေရပြန်တယ်တဲ့။ ဆေးရုံမှာတွေ့လိုက်ရတယ်ဆိုကတည်းက မသိစိတ်က ပူပန်နေမိတာကို လျစ်လျူရှူထားမိပေမယ့် အခုချိန်ထိ ပြန်မလာတာသိတော့လည်း မနေနိုင်တော့ပြန်ဘူး။ ကျန်းဟာအိုနဲ့ ပတ်သက်ပြီး သူစိတ်တွေ ဘာများမှားနေပြီလဲ။ သူလာပို့တဲ့ ထမင်းဘူးကို ဟန်ဘင်းစားနေတဲ့ချိန်ဆို သူမသိအောင် ပါးလေးတွေ မို့တက်တဲ့အထိ ခိုးပြုံးနေတတ်သူကို သူဟာ မြင်နေရက်နဲ့ လျစ်လျူရှူခဲ့ပေမယ့် ထိုရက်တွေ ထမင်းစားမြိန်ခဲ့တာတော့ အမှန်။

ခဏခဏဖျားလွယ်တဲ့သူမို့လို့ ကျန်းမာရေးကို ဂရုစိုက်ပေးချင်ပေမယ့် သူ့မာနက သူ့ကိုခွင့်မပြုခဲ့။ အခုတော့လည်း ဆေးရုံမှာတွေ့လိုက်ရတယ်ဆိုကတည်းက မာနပြာဖုံးထားတဲ့ စိုးရိမ်စိတ်မီးခဲတွေက အရှိန်တညီးညီးတောက်လောင်နေလေပြီ။ စိုးရိမ်စိတ်တွေက မာနတွေကို လွှင့်ပြယ်စေပြီး မသိစိတ်မှာ ညှိတွယ်နေတဲ့ ကျန်းဟာအိုအပေါ် သူ့ရဲ့တွယ်ငြိမှုတွေကို ဆွဲထုတ်လာလေသည်။

သူ တကယ်ရော ကျန်းဟာအိုကို ကွာရှင်းနိုင်တာလား။ အခုတောင် မတွေ့ရလို ပြာယာခတ်နေမိတာ ကွာရှင်းပြီးရင် သူ နောင်တမရမှာ သေချာလား။

ကားကိုဘယ်လိုအရှိန်တွေနဲ့မောင်းလာခဲ့လိုက်သလဲ သူမသိတော့။ ခေါင်းထဲမှာ ကျန်းဟာအိုအကြောင်းရယ် SummerSky နဲ့ဘယ်လိုပတ်သက်နေတာလဲပဲ သိချင်စိတ်တွေက သူ့ကို ကြီးစိုးထားတယ်။ ကားကိုထိုးရပ်ပြီးတာနဲ့ ခြံတံခါးလေးကို တွန်းဖွင့်ဝင်လာလိုက်တော့ အဖြူရောင်တွေချည်း ဖုံးလွှမ်းနေတဲ့ တစ်ထပ်တိုက်ကလေးက ဆီးကြိုနေလေသည်။

အိမ်တံခါးမကြီးကို ဖွင့်ကြည့်လိုက်တော့ တံခါးက လော့ချထားတာမို့ ရစ်ခီဆီကို လော့နံပါတ်လှမ်းမေးရသေးသည်။ ဒီအိမ်က ဘယ်သူ့အိမ်လဲလို့မေးမိလို့ ရစ်ခီက ကျွန်တော့်ကောရဲ့ ပန်းချီဆွဲတဲ့အိမ်လို့ ပြောလိုက်ချိန်မှာ သူဟာ ကားမမောင်းနေခဲ့လို့ တော်ပါသေးတယ်။ နံပါတ်တွေကို နှိပ်နေတဲ့လက်တွေက တုန်ယင်နေပြီး ရင်ဘတ်တစ်ခုလုံးကလည်း နာကျင်နေတာ ကျန်းဟာအိုက သူအရမ်းသဘောကျမိတဲ့ ပန်းချီဆရာ ဖြစ်နေမှာကို မကြာခင်မှာ သေချာသိရတော့မှာမို့လို့များလား။

Let Me Love YouWhere stories live. Discover now