ဒီပန်းချီကားရှေ့မှာ ဟာအိုရပ်နေတာ အချိန်တွေဘယ်လောက်ကုန်နေပြီလဲမသိတော့။ ဘေးတစ်စောင်းမြင်နေရတဲ့ ဟန်ဘင်းရဲ့ မျက်နှာဟာ ဟာအိုဆွဲဖူးသမျှထဲ စိတ်တိုင်းအကျဆုံး ပုံတစ်ပုံဖြစ်နေခဲ့တာလေ။ မင်းမှုတ်ထုတ်နေတဲ့ ဆေးလိပ်ငွေ့တွေနဲ့အတူ မင်းနဲ့ပတ်သက်တဲ့ ငါ့ရဲ့မှတ်ဉာဏ်တွေပါသွားခဲ့ရင် သိပ်ကောင်းမှာပဲ ဟန်ဘင်းရယ်။မဟုတ်ဘူး... အဲဒီညက ပါပါးကို ပါတီပွဲ လိုက်မပို့သင့်ခဲ့သလို ကားပါကင်မှာ ဆေးလိပ်သောက်နေတဲ့ မင်းကိုလည်း မတွေ့ခဲ့သင့်ဘူး။ ဒါဆိုရင် ငါက ရူးရူးမိုက်မိုက် ညတွင်းချင်း ဒီပန်းချီကားကို ဆွဲခဲ့မိမှာမဟုတ်သလို ပါးပါးတို့လာပြတဲ့ ငါ့အိမ်ထောင်ဖက်က မင်းဆိုတာသိပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါင်းညိမ့်မိခဲ့မှာလည်း မဟုတ်ဘူး။
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုပြီး ကျားမမရွေး ကြိုက်ခဲ့ကြတဲ့ငါက ငါ့ရုပ်ရည်ကို သိပ်အထင်ကြီးခဲ့လို့ မင်းလည်း သေချာပေါက် ငါ့ကို တစ်ချိန်ချိန်မှာ ချစ်လာမှာပဲဆိုပြီး ယုံကြည်ခဲ့မိတာတွေကလည်း အခုတော့ ဝေဝါးစပြုလာနေပြီလေ။ ဒါပေမယ့် ငါက မင်းနဲ့ပတ်သက်ရင် သိပ်ကိုခေါင်းမာတယ်၊ မင်းပြန်မချစ်ပေးနိုင်တောင် ပိုင်ဆိုင်ခွင့်ရှိနေလည်း ဖြစ်တယ်ဆိုပြီး မင်းကို လက်မလွှတ်နိုင်ခဲ့ဘူး။
ငါပို့ပေးတဲ့ နေ့လည်စာတွေကို မြိန်ရည်ရှက်ရည် စားတတ်တဲ့မင်းကိုကြည့်ပြီး ငါတိတ်တိတ်လေးခိုးပျော်နေခဲ့ရတာ မင်းမသိသလို မင်းရုံးခန်းထဲက ငါ့ပန်းချီကားကိုတွေ့တုန်းက မင်းက ငါဆွဲထားတာကို သဘောကျတာပဲဆိုပြီး ပီတိဖြာခဲ့ဖူးသေးတယ်။ အမှန်တော့ အဲပန်းချီကားကို မင်းသဘောကျတယ်ဆိုရင်တောင် အဲဒါက SummerSky ဆိုတဲ့ ပန်းချီဆရာဆွဲတာပဲလို့ သိပြီး SummerSky က ကျန်းဟာအိုဆိုတာကို မင်းမသိတာကို ရင်နာနာနဲ့ လက်ခံရပြန်ရော။
ငါမှန်းသိသွားရင် မုန်းတယ်ဆိုပြီး ပန်းချီကားများဖြုတ်သိမ်းသွားမလား စိုးရိမ်မိလို့ တစ်သက်လုံး SummerSky ကဘယ်သူလဲဆိုတာ ပေးမသိခဲ့တဲ့ ငါ့ရဲ့ဆုံးဖြတ်ချက်တွေကို ကျေးဇူးတင်မိသွားတယ်။