ဒီနေ့တော့ချမ်းမြှေ့ဖောက်သည်တစ်ယောက်ရှိသည်မို့ ရေမိုးချိုးကာ သေချာပြင်ဆင်နေရသည်။ပိုက်ဆံရှိချမ်းသာတဲ့လူတွေရဲ့ဘဝတွေများ သိပ်ကိုပြည့်စုံလွန်းလှလေသည်။ဆန္ဒတိုင်းကို ငွေလေးပေးလိုက်ရုံဖြင့် လူတွေရဲ့ဘဝတွေထိတွေပါ ခြယ်လှယ်ချင်တိုင်းခြယ်လှယ်လို့ရ၏။ငွေတဲ့....စက္ကူတစ်ခုထက်မပိုတဲ့စက္ကူတစ်ရွက်သာ။သို့ပေမယ့် ထိုစက္ကူရွက်လေးကြောင့် လူတော်တော်များများရဲ့ဘဝတွေ ပျက်စီးခဲ့ကြရတယ်။သူသည်လည်း ထိုပျက်စီးနေတဲ့အပိုင်းအစလေးတစ်ခုသာသာပဲလေ။
မှန်ထဲမှမြင်နေရသည့်မိမိပုံရိပ်အား သေချာကြည့်နေမိသည်။ညှိုးငယ်သောအသွင်အပြင်နှင့်မိမိပုံရိပ်ငယ်လေးက သိပ်ကိုအထီးကျန်ဆန်နေသလို၊သိပ်ကိုသနားစရာကောင်းလွန်းလှသည်။တစ်ခါတစ်ရံ လောကကြီးကိုသူအရွဲ့တိုက်ပစ်ချင်သည်၊ကိုယ့်ဖြစ်တည်မှုကိုလည်းအရွဲ့တိုက်ပစ်လိုက်ချင်သည်။တစ်ခါတစ်လေကြ လူတွေကသိပ်ကိုရယ်ရသား။သူများတကာကိုငွေပုံပေးပြီးဖျက်ဆီးတဲ့ပိုက်ဆံရှိလူတန်းစားတွေကြတော့ လူကောင်းတွေလိုဝိုင်းပြီး မြှောက်စားနေကြပေမယ့်ဝမ်းရေးအခက်အခဲအတွက် ဘဝတွေပေးဆပ်ပြီးရှာစားနေရတဲ့ သူတို့လိုလူတွေကိုကြတော့ ရွံရှာစရာသတ္တဝါတစ်ကောင်အနေနဲ့ဝိုင်းကြည့်ကြတဲ့မျက်ဝန်းတွေဟာ လှောင်ရိပ်တွေ၊စက်ဆုပ်ရွံရှာမှုတွေကအပြည့်။
လူတိုင်းကဝိုင်းပြီးရွံရှာလို့ရပေမယ့် မင်းတော့ငါ့ကိုမရွံလိုက်ပါနဲ့၊ငါ့ကိုအထင်မသေးလိုက်ပါနဲ့ဝေယံ။မှန်ထဲ၌တသိမ့်သိမ့်ငိုကြွေးနေသည့်ပုံရိပ်ငယ်လေးမှာ ကူညီမည့်သူ၊ဖေးမမည့်သူဟူ၍မရှိ။ရင်ဖွင့်စရာလူမရှိ။မှားနေတာကို မှားပါတယ်ဆိုပြီးထောက်ပြလို့ လမ်းမှန်ပေါ်ရောက်အောင် ထိန်းကျောင်းပေးမည့်သူမရှိ။သူတို့ဘဝတွေက လောကကြီးကိုအရွဲ့တိုက်လို့ ဘဝတစ်ခုလုံးကိုလောင်းကြေးထပ်ထားရသည့်လူငယ်တွေ။ပြိုလဲရင်တောင် နှိမ့်သိမ့်မည့်သူမရှိ၊ဆွဲထူမည့်လက်တစ်စုံလည်းမရှိ။အရာအားလုံးကအမှီအခိုကင်းမဲ့လွန်းလှသည်။ကြိုးစားကာရှင်သန်နေထိုင်နေပြန်တော့လည်း ဘယ်သူကမှအသိအမှတ်မပြုပေးခဲ့ကြ။တစ်ခါတလေတော့လည်း သူတို့ကို ဘေးမဲ့ပေးထားသည့် လောကကြီးကိုအရွဲ့တိုက်ရတာဟာ သိပ်ကိုပျော်စရာကောင်းလွန်းနေသည်။စွန်းထင်းနေတဲ့အတိတ်ရဲ့အမဲစက်တို့ကိုတော့ လျစ်လျူရှုထားရတာပေါ့။
YOU ARE READING
ရမ္မက်နွံထဲဝယ်(Completed)
Romance"အချစ်...ဟက်...အလကားအရေးမပါလိုက်တာ" "အချစ်ဆိုတာ မီးတောက်တစ်ခုထက်မပိုဘူး...အချစ်ဆိုတာရုပ်ရှင်မဆန်ဘူး...အချစ်ဆိုတာ ကဗျာဆန်မနေဘူး....ပြီးတော့အချစ်ဆိုတာ ငါ့အတွက်လည်းမလိုအပ်ဘူး"