အရာအားလုံးရဲ့စတင်ခြင်းကအဲ့ညက။
Club ကပြန်အထွက်နောက်တစ်ဝိုင်းဆက်ဖို့ အရှိန်တက်နေကြတဲ့ လူငယ်အုပ်စုသည် လူငယ်ဘဝကို လူငယ်ဆန်စွာကျေကျနပ်နပ်ကြီးအမြဲဖြတ်သန်းနေကြသည်။ လမ်းမလျှောက်နိုင်တော့တဲ့အထိယိုင်ထိုးနေကြသည့်တိုင် တစ်ယောက်နှင့်တစ်ယောက်ဖေးဖေးမမတွဲလျှက်အတိုင်အဖောက်ညီညီ။
"KTV Go!!!"
တစ်ယောက်ကအသဲကျယ်စွာဆော်အောတော့ ဘယ်သူမှအိမ်မပြန်မဲ့သူတွေပီပီ
"GO!!!" ဟု သံပြိုင်လိုက်အော်ကြသည်။
KTV ခန်းသည် မှောင်မှောင်မဲမဲ။ မီးရောင်စုံတွေကတဖျက်ဖျက်တလက်လက်ရှိပေမယ့် တစ်ယောက်မျက်နှာတစ်ယောက်မြင်ရဖို့ အနီးကပ်ကြည့်ရသည့်အခြေအနေ။ Alcohol အရှိန်နှင့်ဝေဝေဝါးဝါးအရိပ်တို့ကြား သီချင်းအော်ဆိုနေသူနဲ့နောက်ခံတီးလုံးကျယ်ကျယ်တို့နဲ့အတူ ကခုန်သူက က, အုပ်အော်သောင်းနင်း။
ဒီနေ့မှစတင်တွေ့ဖူးပြီးရင်းနှီးလာသူတစ်ချို့လည်းပါနေပေမယ့်။ မသိရင်ငယ်ငယ်ကလည်ပင်းဖက်ပေါင်းခဲ့သယောင် ပုခုံးဖက်ခါးဖက် မူးရူးပူးကပ်စွာ။ တစ်ချို့ကလည်းပေါင်ပေါ်ခေါင်းဦးအိပ်သူကအိပ်ပျော် အိမ်သာထဲအန်သူကအန်နှင့်။ ယောက်ျားဘယ်နှယောက် မိန်းမ ဘယ်နှယောက်မရေတွက်မိပါ။ သိတဲ့သူကိုလည်းသိ မြင်ဖူးတဲ့သူကိုမြင်ဖူး မသိတဲ့သူလည်းမသိ။
တရိပ်ရိပ်တက်လာတဲ့အရှိန်ကခုနကထက်ပိုသိသာစွာ။
ထိုအခါစီးကရက်ကိုလိုအပ်လာသည်။
အိပ်ထဲက ဘူးကိုနှိုက်ပြီးအသင့်ပါတဲ့ မီးခြစ်နဲ့မီးညှိကာဖွာလိုက်တော့ နိဗ္ဗာန်ပင်။
အငွေ့တွေကို ရှိုက်ထုတ်ရင်း သီချင်းစီးချက်နဲ့အညီခေါင်းကိုလိုက်လှုပ်နေမိသည်။
"မီးခြစ် ခဏ..."
ထိုင်နေတဲ့ဘေးဆိုဖာကအိကနဲဖြစ်သွားပြီးပြောလာတဲ့စကားသံကိုသေချာမကြားလိုက်တာကြောင့်
"ဟင်?"
"မီးခြစ်ခဏလို့"
သူကနားနားကပ်ပြောလာတော့ သူ့လက်ကြားထဲညှပ်ထားတဲ့ စီးကရက်ဖြူကိုသတိထားမိသွားသည်။
"အော်" ဟု အသံပြုကာ လက်ထဲကမီးခြစ်ကိုကမ်းပေးတော့ သူက ယူပြီးမီးညှိသည်။ ပြီးတော့ သူလည်းဘေးကနေထမသွားတော့...။
KTV ဆိုဖာကပ်ကပ်ထဲထိုင်နေတာမို့ ခန္ဒာကိုယ်ခြင်းကထိကပ်နေသည်။ လယ်သာစကပ်တိုဝတ်ထားတဲ့ကိုယ့်ပေါင်တံနဲ့သူ့ရဲ့အနက်ရောင်ဘောင်းဘီရှည်ဝတ်ထားတဲ့ပေါင်တို့က ထိကပ်ပူးကပ်နေသော်လည်းကိုယ်လည်းမရွှေ့ဖြစ်သလိုသူလဲမရွှေ့ဖြစ်။
ရှေ့ကဖန်ခွက်ကိုကောက်ကိုင်လိုက်တော့ သူက သူ့ဖန်ခွက်ကိုရှေ့တိုးပေးလာတယ်။ ထိုအခါ ခွက်ခြင်းတိုက်လိုက်ပြီး သူ့ကိုတစ်ချက်ပြုံးပြလိုက်မိသည်။ ပြန်ပြုံးပြတဲ့အခါ မီးရောင်ရေးရေးထဲသေချာမြင်လိုက်ရတဲ့ နှုတ်ခမ်းအောက်ကမှဲ့လေးနဲ့နှုတ်ခမ်းထောင့်ကငွေရောင်ကွင်းလေး။
ကိုယ်နံ့သင်းသင်းကလည်းရစ်မူးစရာအတိ။ အပူတွေလောင်းထည့်ကာ ပူနွေးလာတဲ့ ခန္ဒာကိုယ်ဟာ air con ရဲ့ အအေးဓာတ်ကိုသိသာစွာခံစားလာရသည်။ အလိုလိုတုံ့ပြန်မှူကြောင့်လက်ပိုက်လိုက်မိတဲ့အခါ.....
"အေးလို့လား"
နားရွက်ဖျားကနေ လေနုနွေးတွေကိုခံစားလိုက်ရတဲ့အထိ သူကပ်မေးသည်။
"အင်း"
ထိုအခါ သူ့အပေါ်မှာထပ်ဝတ်ထားတဲ့ ဂျာကင်ကိုချွတ်ပြီးခြုံပေးလာသည်။ ထို့နောက် တက်တူးတွေပြည့်နေတဲ့သူ့လက်တွေက ကိုယ့်ပုခုံးကျော်ပြီးဆိုဖာနောက်မှီပေါ်ဆန့်တန်းတင်လာသည်။ ခဏနေတော့ပုခုံးပေါ်ကို။ ဒီထက်ပိုညနက်လာချိန်မှာတော့ ခါးသိမ်သိမ်ပေါ်ကိုရောက်ရှိနေပြီ။
အာရုဏ်တက်ချိန်နားနီးကပ်လာချိန်မှာတော့ တော်တော်များများခြေကုန်လက်ပန်းကျကုန်ကြသည်။ကိုယ်တိုင်လဲ အသိစိတ်တော့ရှိသေးပေမယ့် မူးနောက်နောက်ရီဝေဝေ။ သူ့ပုခုံးပေါ်ခေါင်းတင်ထားရင်းသူ့ရဲ့သက်ဝင်သက်ကိုခံစားနေမိသည်။ သီချင်းတွေကတော့ဖွင့်ထားဆဲ။
"သွားချင်လား?"
ခေါင်းငဲ့ကာမေးလာတဲ့သူ့အမေးကိုသူ့ပုခုံးပေါ်မှီထားရင်းပဲခေါင်းညှိမ့်ပြလိုက်တယ်။
ထိုအခါသူကမတ်တပ်ထရပ်ပြီး သူ့လက်ကိုကမ်းပေးလာသည်။
လက်ဖဝါးကျယ်ကို မိမိရရဖမ်းဆွဲလိုက်တဲ့အခါ သူ့ဦးဆောင်ရာနောက်သို့ထပ်ကြပ်မကွာ။