"ပျော်ရွှင်ဖို့ကြိုးစားဖူးလား?"
မြက်ခင်းပြင်ပေါ်ထိုင်ရင်း အဝေးကိုငေးနေတဲ့ ကောင်လေးက အမေးစတယ်။ ကိုယ့်မှာ သူ့ကို ငေးနေရင်းက အတွေးများဖို့ အကြောင်းအရင်းပေါ်လာပြန်ရော။
"လူတွေအားလုံးက အဲ့ဒီအတွက် ကြိုးစားနေကြတာပဲမဟုတ်ဘူးလား"
ကိုယ်ပြန်ဖြေတော့ ကောင်လေးက ခေါင်းငြိမ့်တယ်။ လေပြည်ဟာ သွေ့ဝေလယ်တယ်။ မြေကြီးရဲ့အအေးဓာတ်က ကိုယ်တို့ခန္ဓာကိုယ်ထဲတစ်စိမ့်စိမ့်ရယ်။ နေခြည်ကွက်လေးကတော့ ကောင်လေးငယ်ပါးမှာခိုပါရဲ့။
မြက်ရိုင်းပင်လေးကို ဝေ့လဲ့ ဆော့ကစားနေတဲ့ ကောင်လေးက သူ့အတွေးနဲ့သူ ပြန်ငြိမ်နေပြန်တယ်။ မှေးစိုက်စိုက်မျက်ဝန်းလေးတွေက မျက်တောင်ရှည်လေး အထင်းသားရယ်။
"ရယ်စရာကောင်းတာတစ်ခုက ပျော်ရွှင်ဖို့ကြိုးစားရင်း တကယ့် ပျော်ရွှင်မှုကဘာလဲဆိုတာ ကျွန်တော်တို့ မေ့သွားတတ်ကြတယ်"
နှုတ်ခမ်းဖူးလေးတွေလှုပ်ရင်း ကောင်လေးက ခပ်တိုးတိုးရေရွတ်တယ်။ နေခြည်ဝဲတဲ့ ကောင်လေးရဲ့ ဆံဖျားရှည်လေးတွေက ဝါညို့ညို့လေးတောက်လို့။
"ပျော်ရွှင်မှုကို လုပ်ယူလို့မရဘူးလို့ ငါတို့ပြောနေရင်းကနေ အဲ့ဒီပျော်ရွှင်မှုကိုပဲ တခြားအရာတွေနဲ့ဖန်တီးယူဖို့ ကြိုးစားနေကြတာပဲလေ"
" မျှော်လင့်ချက်ပါတဲ့ ကြိုးစားမှုတွေက တကယ်မပျော်စေနိုင်ဘူးထင်တယ်။ "
ကောင်လေးက ပထမဆုံးအနေနဲ့ ကိုယ့်မျက်လုံးတွေကို စိုက်ကြည့်ရင်းပြောတယ်။ ဝိုင်းစက်စက်မျက်ဝန်းအိမ်လေးတွေဟာလည်း နွေးထွေးမှုတဖုံပဲ။
"ပျော်ရွှင်ဖို့ အသစ်တစ်စုံတစ်ခုကိုဖန်တီးနေတာထက် မင်းဘေးနားက ရှိနှင့်ပြီးသားအရာတွေကပဲ မင်းကို ပျော်ရွှင်မှုပေးနိုင်လိမ့်မှာ"
ကိုယ့်စကားအဆုံးမှာ ကောင်လေးက နှုတ်ခမ်းထောင့်လေးတွေကွေးညွတ်သွားအောင်ပြုံးတယ်။ နေခြည်ဟာ ပိုနွေးလာသလိုပဲ။ လေပြည်ငယ်ဟာ ထွေးငြိမ့်တယ်။
"မင်းရော ပျော်ရွှင်ဖို့ ကြိုးစားနေလား ဒါလင်"
"အကိုရှိနေပြီပဲ။ ဘာလိုဦးမလဲ"
ခပ်သွဲ့သွဲ့ဖြေသံငယ်ဟာ ကိုယ့်ရင်ကိုနွေးဝေ့တယ်။ အဲ့ဒီအခိုက်အတန့်မှာပဲ ကိုယ်ဟာလည်း ပျော်ရွှင်နေပြီးသားဆိုတာ ခံစားမိခဲ့ရတယ်။
-end-
Meet you at 553 ရေးတုန်းက ဒါလေးကို ပြန်ယူသုံးထားတယ်။
![](https://img.wattpad.com/cover/377512727-288-k746280.jpg)
YOU ARE READING
ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|
Fanfictionစိတ်ရဲ့ အိပ်မက်ယောင်တွေမှာ လမ်းလျှောက်မိတိုင်း ဖမ်းဆုပ်ခဲ့တဲ့ အပြာရောင်ခြယ်တဲ့ အနီရောင် ခြည်ကြိုးငယ်။