Sea

53 10 2
                                    

" ပင်လယ် "

အဝေးကို ငေးနေတဲ့ ကောင်လေးဟာ ရေရေရွတ်ရွတ်ဆိုတယ်။ မနက်ခင်းအစရဲ့ ပင်လယ်လေပြည်ဟာ နွေးတစ်လှည့်အေးတစ်လှည့်။ လှိုင်းရိုက်ခတ်သံတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်ခြင်းဟာနစ်မြုပ်လို့ရယ်။ သဲသောင်ပြင်ဟာ သိပ်ပြီးတော့ သက်သောင့်သက်သာ မဆန်လှပေမဲ့ လွတ်လပ်တယ်။

" ပင်လယ်က ကြောက်စရာကောင်းတယ်လို့ထင်လား Hyung "

Beomဟာ အမေးတစ်ခုကိုစတယ်။ အဖြေမှန်မျှော်လင့်တာမဟုတ်တဲ့ မေးခွန်းတွေက ဘယ်ဆီကိုရွေ့စေသလဲသူသိနေတာမဟုတ်ပေမဲ့ အမေးတစ်ခုတိုင်းကို အဖြေပေးရတာက အလေ့အကျင့်ငယ်လေးတစ်ခုလိုပဲ တစ်စတစ်စတည်ခဲ့လေရဲ့။

" ငါတစ်ယောက်တည်းဆိုရင် ကြောက်မလားဘဲ "

အပြုံးတွန့်တွန့်တစ်ခုနဲ့ သူဖြေလိုက်တယ်။ ကောင်လေးဟာ အသက်ရှိုက်ရှုရင်း မချိပြုံးတစ်ခုတည်တယ်။

" တစ်ခြားဘယ်သူဖြစ်ဖြစ်အဖော်ရှိရင် မကြောက်တာလား ?"

"မင်းနဲ့ ဆိုရင်ပေါ့ ဒါလင်"

ခပ်ရိုးရိုး ကလူကျီစယ်စကားကိုသူပြောလိုက်တယ်။ ကောင်လေးဟာ သူ့ကို ဝေ့ဝဲ့ကြည့်ရင်း ပြုံးပါရဲ့။

" ကျွန်တော့်ကိုပဲ မှီခိုနေလို့မဖြစ်ဘူး။ ကျွန်တော်စိတ်မချရဘဲနေမှာ "

လေသံဖျော့ဖျော့ စကားသံဟာ ဘာလို့များ ကျယ်လောင်နေရသလဲ?။ လှိုင်းသံတွေကိုတောင်သူမေ့သွားရတယ်။ ရူးလောက်တဲ့ ခံစားချက်မျိုးမဟုတ်ပေမဲ့ အမြင့်ကြီးက ပြုတ်ကျရတဲ့ ကြောက်ရွံ့မှုလိုမျိုးပဲ။ ဒါလင်ဟာ သူ့ကို ပြုံးပြမြဲ။ အတွေးတွေဝေဝါးတတ်တဲ့ ဒီကောင်လေးဟာ ဒီအတွေးတွေကိုတော့ ရှင်းလင်းနေခဲ့သလိုမျိုးဟန်နဲ့။ အဲ့တာက သူ့ကိုကြောက်လန့်စေတယ်။

" Beom ကိုယ်ရှိတယ်လေ "

စိုးရိမ်တကြီး စကားသံဟာ ကောင်လေးငယ်ကိုထွေးပွေ့မိခြင်းကဖုံးဖိတယ်။ ပုခုံးပေါ်မှီအိပ်လာတဲ့ ကောင်လေးရဲ့ အထိအတွေ့ဟာ လေပြည်ပါးတွေကြားမှာ ခပ်နွေးနွေးနဲ့ပါပဲ။

" Hyungက အကောင်းဆုံးပဲ "

ဒါလင်ဟာ ဆိုတယ်။ ပွေ့ဖက်ထားတဲ့ အထိအတွေ့တွေဟာ လွတ်ကျတော့မလို ခံစားရပါရဲ့။ ပင်လယ်လှိုင်းတွေဟာ မြူးတယ်။ ကောင်လေးရဲ့ ဝင်သက်ထွက်သက်ဟာ သူ့ကိုယ်ပေါ်မှာ ငြိတွယ်နေတုန်းပါပဲ။

" မင်းထွက်သွားလို့မရဘူး Beom "

သူ့အသံဟာအပြင်ကိုရောက်သွားခဲ့သလား။ ပျောက်ရှသွားသလား။

ပင်လယ်ကို သူငေးမိတယ်။
သူလိမ်ခဲ့တာပဲ။
ကောင်လေးနဲ့အတူရှိရင် မကြောက်ဘူးဆိုတာ သူလိမ်ခဲ့တာ။

ကောင်လေးဟာ ထွက်သွားဖို့ပြင်နေတဲ့ ငှက်လေးတစ်ကောင်ရဲ့ တောင်ပံခတ်မှုမျိုးပဲ။ သူ့ကို စိတ်မောစေတယ်။

အကယ်၍များ သူဆွဲထားနိုင်ခဲ့ရင် သူမှီတွယ်ထားခဲ့ရင် Beomဟာ ထွက်သွားခဲ့ဖို့ အားနာလေလိမ့်မလား။

ရေမွန်းသလို နစ်မြုပ်မှုတွေဟာ သူ့ကို တစ်ဖြည်းဖြည်းဆွဲခေါ်နေနှင့်ပြီးသားဖြစ်တယ်။ အဆုံးမရှိတဲ့ ပင်လယ်ပြင်ဟာ ဟန်ချက်ပျက်တာနဲ့ နစ်မြုပ်သွားခဲ့တော့မလိုမျိုး။ လှိုင်းရိပ်ဖြူတွေဟာ သူ့ကိုဝါးမြိုတော့မလိုမျိုး။

ပင်လယ်ဟာ ကြောက်စရာကောင်းတယ်။
ပင်လယ်ကို သူကြောက်တယ်။

သူ့လက်ကောက်ဝတ် ပေါ်က စက္ကူလတ်ပတ်တွေကို ကောင်လေးဟာ ခပ်ဖွဖွပွတ်သပ်တယ်။ မညီမညာဖြစ်တဲ့ ဓားရှရာတွေဟာ နီညို့ညို့ဆွေးတယ်။ မို့ယောင်ယောင် ဒဏ်ရာတွေအပေါ်က လက်ချောင်းထိပ်တွေရဲ့ အထိအတွေ့ဟာ တမျိုးတမြည်ရယ်။ သူ့မေ့မျောနေသလိုပဲ။

" တောင်းပန်ပါတယ် "

လေသံငယ်ဟာ ဖျော့ပါးတယ်။ သူမုန်းမိရတာပဲ။

" ကျွန်တော်က မရှိပေးနိုင်ခဲ့လို့ "

သူ့ပါးပြင်ဟာ စိုစွတ်လာတယ်။ လက်ချောင်းတွေဟာ တုန်ယင်မှုတွေနဲ့ပဲ။

" မင်းရဲ့ မေးခွန်းတွေ ဆက်နားထောင်ချင်သေးတာမလို့ "

နောက်ဆုံးမျှော်လင့်ချက်တွေဟာ ခပ်ထွေထွေပါပဲ။

" ကျွန်တော်မရှိဘဲ ရှင်သန်နိုင်မလား? "

ကောင်လေးဟာ သူ့ဘေးကနေ ထသွားခဲ့တယ်။

ဟိုးအဝေးက ပင်လယ်ပြာညို့တွေရဲ့ နစ်မြုပ်ခြင်းတွေဆီ။
လှိုင်းဖြူရိပ်တွေရဲ့ ပျောက်ကွယ်မှုတွေဆီ။
တစ်လှမ်းခြင်း တိုးဝင်သွားခဲ့တယ်။

သူ့ဘေးနံပါးဟာ နွေးထွေးခြင်းတို့ပျောက်တယ်။ သက်ရှိုက်တွေတိတ်ဆိတ်တယ်။ သဲသောင်ပြင်ဟာ အထီးကျန်ဆန်လှစွာပါပဲ။
သူ့လက်ထဲမှာ နေ့စွဲတစ်ခုထိုးထားတဲ့ ဒါလင့်ရဲ့ ဖလင်ဓာတ်ပုံလေးတစ်ခု ကျန်ရစ်တယ်။

မျက်ရည်စီးကြောင်းတွေဟာ ကိုယ့်ကိုယ်ကိုယ် ပွေ့ဖက်ဖို့ကြိုးစားနေတာမလို့ နွေးထွေးနေကြတာလား?

ပင်လယ်ဟာ ကြောက်စရာကောင်းတယ်။

ပင်လယ်ကို သူကြောက်ခဲ့တယ်။ ။

-end-

ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|Where stories live. Discover now