Footsteps

114 14 2
                                    

"အကို အပျော်ရွှင်ဆုံးအချိန်က ဘယ်အချိန်လဲ"

မင်းမေးဖူးတဲ့မေးခွန်းကို ငါမှတ်မိတယ်။ မထင်မှတ်တဲ့အချိန်တိုင်းမှာ သိပ်စပ်ဆက်မှုမရှိလှတဲ့ မေးခွန်းတွေကို မင်းဟာအမြဲတမ်းမေးတတ်တယ်။ ဒါပေမဲ့ ငါကလည်းဖြေရမှာ မငြီးငွေ့ခဲ့ဘူး။

ငါကတော့မင်းမေးခွန်းကို အတည်ပေါက်စဥ်းစားနေပေမဲ့ မင်းကတော့ ဂစ်တာကြိုးတွေညှိဖို့အာရုံပိုရောက်နေခဲ့သလိုပဲ။ ငါ့မှာတော့ ဖတ်လက်စစာအုပ်ကိုအောက်ချပြီး အပီအပြင်ကိုတွေးလို့။

"အကို ဖြေလေ"

မင်းနားထောင်နေခဲ့သားပဲ။ ဖြေဖို့ကြာနေတဲ့ငါ့ကို ခေါင်းမော့ကြည့်ပြီးထပ်မေးတယ်။

"မင်းခြေသံကိုကြားရတဲ့အချိန်"

ငါ့အဖြေကမင်းအတွက် ထူးဆန်းနေသလိုပဲ။ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တဲ့ မျက်တောင်တွေကို ငါကချစ်စရာကောင်းတယ်လို့ထင်တယ်။

"ဘယ်လို?"

"မင်းခြေသံတွေကြားရတဲ့အချိန်လို့"

"ဘာဆိုင်လို့လဲ?"

"ငါတော့ မင်းခြေသံတွေကြားလိုက်ရရင်ပျော်တာပဲ ဒါလင်!"

မြူးမြူးတူးတူးငါဖြေတော့ မင်းရဲ့မျက်မှောင်တွေကျုံ့သွားသေးတယ်။ အဖြေကိုမင်းနားလည်မဲ့ပုံတော့မပေါ်ဘူး။ ဒါလင်လို့ခေါ်တိုင်း ရဲသွားတဲ့ မင်းရဲ့ပါးတွေကိုတော့ ငါငေးလို့ကောင်းနေခဲ့တာ။ မင်းကငါ့ရဲ့ကြောင်ပေါက်လေးပဲ။ ချစ်စရာကောင်းတယ်။

"အဲ့တာဆို ကျွန်တော် ခြေသံကျယ်ကျယ်လျှောက်သင့်လား?"

မေးပုံက တကယ့်ကိုအပြစ်ကင်းတယ်။ ငါရယ်တော့ မင်းက စိတ်ရှုပ်ပြန်ရော။

"မင်း ခြေသံတွေကြားရရင် မင်းငါ့နားရောက်လာတယ်ဆိုတဲ့အသိက ငါ့ကိုပျော်ရွှင်စေတယ်"

ဒုတိယမ္မိပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ မင်းမျက်ဝန်းတွေကို ငါအနမ်းဖွဖွခြွေခဲ့တယ်။ မင်းနှုတ်ခမ်းထောင့်လေးတွေညွတ်သွားတာ ငါမြင်လိုက်သားပဲ။

ကဲ ဆိုတော့!

အခုရော ငါ့ခြေသံကိုမင်းကြားရလား ဒါလင်?
အုတ်ဂူဖြူကသိပ်ကိုအသံလုံမယ်ထင်ပါရဲ့။

အဖြေကြာရင်စိတ်မရှည်တဲ့ မင်းက ငါမေးခွန်းကိုတော့ ဘယ်တော့မှဖြေမှာ မဟုတ်ဘူး ထင်တယ် ဒါလင်။

-end-

ဒီဟာလေးကတော့ တစ်ခန်းရပ် Albumရဲ့ စမှတ်လို့ပြောရမဲ့ အပုဒ်လေးပါပဲ။

ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|Where stories live. Discover now