"ဘောမ်က ငါ့ကိုမချစ်ဘူး"
ညည်းတွဲတွဲ ထပြောတဲ့ အကိုကြောင့် သူ့မှာ ကြောင်တောင်တောင်။ အိပ်ယာပေါ် ပျင်းတွဲ့တွဲ့ထိုင်နေတဲ့ အကို့မှာ အပျင်းပြေစရာ အကြောင်းအရင်းရသွားပုံပေါ်တယ်။
"ရုတ်တရက်ကြီး ဘာလဲ"
သူနားမလည်သလိုပြန်မေးရတယ်။ လက်ထဲက ရေးလက်စ notebookက စာသားတွေဟာ တစ်ဝက်တစ်ပျက်ရပ်သွားကြတယ်။
"သေချာတယ် ဘောမ်က ငါ့ကိုမချစ်ဘူး"
သူ့ကို ငူတူတူနဲ့စိုက်ကြည့်ပြီးပြောလာတဲ့ အကို့ကို ရယ်ရမလား ချော့ရမလားပဲ။ ချော့မယ်ဆိုရင်တောင် အကိုဘာလို့ဒီလိုပြောနေလဲ သူမသိ။
"ဘာလဲ အကိုရ ရုတ်တရက်ကြီး"
သူ့စကားကြောင့် အကိုမျက်နှာက ပိုပြီးဆူပုတ်သွားတယ်။ တွန့်ချိုးမှုန်ကုပ်ကုပ်မျက်နှာရယ် တွန့်ရှုံ့ပြနေတဲ့ နှာသီဖျားရယ်။ အကိုက ဒီလိုကျ ကလေးကြီးနဲ့တူတယ်။
"ကြည့်ပါလား စကားပြောတာတောင် စိတ်မရှည်တော့ဘူး၊ ဘောမ်က ငါ့ကိုမချစ်ဘူး"
"အား ဒီအကိုတော့ ဘာစိတ်ရူးတွေပေါက်နေတာလဲ"
ဆုံလည်ကုလားထိုင်ကို အကို့ဘက်လှည့်ထိုင်လိုက်ရင်း သူမေးတော့ မျက်ခုံးတွေကိုပဲ ပိုပြီး တွန့်ချိုးပြပြန်တယ်။
မေးထောက်တင်ထားတဲ့ မျက်နှာနုနုပေါ်မှာ အလိုမကျစလို တွ့န်ချိုးနေတဲ့ နှုတ်ခမ်းတွေရယ်။ သူ့ပြုံးစိစိလုပ်မိရင်လည်း ဒီအကိုက ထအော်တော့မဲ့ပုံပေါက်တယ်။"ဘာစိတ်ရူးမှမပေါက်ဘူး ဒါလင်ကသာ ငါ့ကိုမချစ်တာ"
အော်တော့မလိုလိုနဲ့ အသံတိုးသွားပြီး ပွစိပွစိလုပ်နေတဲ့ အကိုဟာ တဂီးဂီးမာန်ဖီနေတဲ့ ကြောင်ပေါက်လေးနဲ့တူတယ်။ ကြည့်ပါလား နှာခေါင်းကို တရှုံ့ရှုံ့လုပ်နေပြန်ပြီ။
"ကျွန်တော်က မချစ်ဘူးလို့ ဘာလို့ထင်ရတာလည်း"
တကယ်ကြီး စိတ်ကောက်နေတဲ့ပုံပေါ်တဲ့ အကို့ကြောင့် သူစိတ်ကိုလျှော့ပြီးမေးလိုက်ရတယ်။
"ဘောမ်က ငါ့ထက် တခြားအရာတွေကိုပဲစိတ်ဝင်စားတာ"
"အမ်"
"ဟုတ်တယ် ငါ့ကို ဂရုမစိုက်ဘူး ငါ့ကိုမချစ်ဘူး"
"စွပ်စွဲလိုက်တာ အကိုကလည်း"
သူမျက်နှာငယ်ငယ်နဲ့ ပြောတော့ အကိုက မျက်စောင်းထိုးကြည့်တယ်။
"မဟုတ်လို့လား။ အခုလည်း တစ်နေကုန်လုံး ငါ့ကိုဂရုစိုက်တာမှမဟုတ်တာ။ စာအုပ်တွေကြားမျက်နှာအပ်နေပြီးတော့"
တွန့်ချိုးနေတဲ့မျက်ခုံးတွေနဲ့ အကိုက ပွစိပွစိပြောပြန်တယ်။ သူမရယ်ဖို့အောင့်ထားပေးမဲ့ ဟက်ခနဲ တစ်ချက်ရယ်မိတော့ အကိုက ခပ်စူးစူးလှည့်ကြည့်တယ်။
"ဘာရယ်တာလဲ"
"အကိုက ကျွန်တော့်ကို"
ပြုံးစိစိပြောနေတဲ့ သူ့ကို အကိုက မှုန်ကုပ်ကုပ်ကြည့်နေတုန်းပဲ။
"စာအုပ်တွေနဲ့ပါ သဝန်တိုနေတာလား"
ပြောပြီး သူခပ်ဟဟရယ်မိတော့ အကို့ရဲ့ပါးတွေ ရဲတက်လာတာသူမြင်ရတယ်။
"ဘာပဲဖြစ်ဖြစ် ဘောမ်က ငါ့ကိုမချစ်တာပဲ"
ခပ်ဆူဆူပြောနေတဲ့ နှုတ်ခမ်းကိုသာ သူကောက်နမ်းမိတော့တယ်။ ဒီလိုဆိုတော့လည်း ကြောင်အသွားတဲ့အကိုဟာ ချစ်စရာကောင်းနေပြန်တယ်။
"ကျွန်တော် အကို့ကိုမချစ်ဘူးလို့ အကိုခံစားရတိုင်း နမ်းပေးမယ်ဆိုအဆင်ပြေလား"
ပုတ်ခပ်ပုတ်ခပ်ဖြစ်နေတဲ့ အကို့မျက်ဝန်းတွေဟာ စိတ်ကောက်ရမလား စိတ်ပြေရမလား လမ်းပျောက်နေတဲ့ပုံပေါ်တယ်။
"ဘယ်လိုလဲ အဆင်ပြေလားလို့"
ရှက်ရိပ်သမ်းနေတဲ့အကိုဟာ သူ့ဆီက ဆတ်ခနဲ မျက်နှာလွှဲတယ်။ ပြေလျော့သွားတဲ့ မျက်ဝန်းထောင့်တွေကို သူမြင်ရတယ်။ ပြုံးရိပ်သမ်းသွားတဲ့ နှုတ်ခမ်းထောင့်က လှုပ်ရှားမှုငယ်လေးက သူ့ရဲ့ နွေးထွေးရာပဲ။
အကိုက သူ့ကို မကြည့်သေးပဲ ခပ်တိတ်တိတ်ပြောလာတယ်။
"ဒါလင်က ငါ့ကိုမချစ်ဘူး"
ရှင်းပြဖို့မလိုခဲ့ဘူး။ ဒုတိယအကြိမ်မြောက်ထိကပ်သွားတဲ့ နှုတ်ခမ်းတွေနောက်မှာ အကိုပြုံးရယ်လာတော့မှာ သူသိတယ်။
-end-
![](https://img.wattpad.com/cover/377512727-288-k746280.jpg)
YOU ARE READING
ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|
Fanficစိတ်ရဲ့ အိပ်မက်ယောင်တွေမှာ လမ်းလျှောက်မိတိုင်း ဖမ်းဆုပ်ခဲ့တဲ့ အပြာရောင်ခြယ်တဲ့ အနီရောင် ခြည်ကြိုးငယ်။