၈၁

414 84 6
                                    

人鱼陷落
REN YU XIAN LUO


UNICODE


လူသိရှင်ကြားဖော်ပြထားသော IOAမဟာမိတ်အေးဂျင့်များအဖို့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းမှထွက်ခွါ၍မရ ၊ ပိုင်ချူနျန်သည်လည်း မဟာမိတ်၏ဩဇာလွှမ်းမိုးမှုနယ်ပယ်မှ လွယ်လွယ်ထွက်ခွါမသွားနိုင်ပေ။ သူနှင့် လန်ပေါကားမတူ ၊ သူသည် မဟာမိတ်အဖွဲ့အတွက် အလုပ်လုပ်ပြီး မဟာမိတ်အဖွဲ့မှ တင်းကျပ်စွာအကာအကွယ်ပေးမှုကို လက်ခံရထား၏။ ယခင် နိုင်ငံတကာအကျဉ်းထောင်၌ ဖမ်းဆီးမှုဖြစ်စဉ်အပြီးတွင် မဟာမိတ်နည်းပညာဌာနမှ ပိုင်ချူနျန်အတွက် cctvမှတ်တမ်းနှင့် အဝင်အထွက်သဲလွန်စအားလုံးကိုဖယ်ရှားပေးခဲ့သည့်အပြင် မဟာမိတ်အဖွဲ့၏ထိပ်တန်းခေါင်းဆောင်များသည် နိုင်ငံတကာအကျဉ်းထောင်နှင့် ပုဂ္ဂိုလ်ရေးအရ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ယခုကဲ့သို့ ပြင်းထန်စွာပစ်မှတ်ထားဖမ်းဆီးခြင်း လှုပ်ရှားမှုမျိုးကိုပြင်းပြင်းထန်ထန်တားဆီးခဲ့သည့်တိုင် ဘာမှတိကျသည့်အဆုံးအဖြတ်မရခဲ့။ ထို့နောက် အန္တရာယ်များကို ရှောင်ရှားရန်အတွက် ပိုင်ချူနျန်အား လုံးဝသီးခြားကန့်သတ်ထားသည့် ယာချုံကျွန်းသို့သာပြန်ခိုင်းလိုက်၏ ၊ IOAမဟာမိတ်ဘက်ကသာလျှင် သူ့အား ထိုကဲ့သို့အလုံးစုံအကာအကွယ် ပေးနိုင်မှာဖြစ်သည်။

နိုင်ငံတကာအကျဉ်းထောင်ဘက်က လန်ပေါကို ပစ်မှတ်ထားခြင်းမှာ လန်ပေါက ပိုင်ချူနျန်ထက် ပိုကြေးမြင့်သည်ဟု သူတို့ တွေးထင်ထားခြင်းကြောင့်မဟုတ်။ ပိုင်ချူနျန်ကိုဖမ်းဆီးဖို့ရန် လိုအပ်သည့် ပေးရမည့်အဖိုးအခက အလွန်ကြီးမားလှရာ ဤသည်က အရှုံးပေါ်မည့်စီးပွါးရေးဖြစ်နေ၍ပင်။

လန်ပေါကကြ မတူတော့ ၊ သူက မျိုးနွယ်စုခေါင်းဆောင်ဆိုသည့်ရာထူးဖြင့် IOAထဲဝင်ရောက်ခြင်းဖြစ်၍ အနှစ်သာရမှာ အင်အားစုနှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး မဟာမိတ်ဘက်မှလည်း လန်ပေါရဲ့မွေးရပ်မြေသို့ပြန်သည့်လွတ်လပ်ခွင့်အား ဝင်ရောက်စွက်ဖက်မည်မဟုတ်။ ထို့အပြင် လန်ပေါက ပင်လယ်လမ်းကြောင်းမှသွားမည်ဖြစ်၍ အလွန်အန္တရာယ်လည်းကင်း၏ ၊ အနက်ရှိုင်းဆုံးသမုဒ္ဒရာထဲသို့ ငုပ်လျှိုးပြီး အလင်းအရှိန်နဲ့ ကူးခတ်နိုင်မည့်အတွက် ရေငုပ်သင်္ဘောများနှင့် ရေအောက်အကွာအဝေးလက်နက်(torpedo)များဖြင့် သူ့အားထောက်လှမ်ရန်မှာ အကျိုးသက်ရောက်မှုကနည်းပါးကာ သီအိုရီအရတော့ အလွန်လုံခြုံပေသည်။

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now