Part-9

119 9 0
                                    

Unicode

ရင်နင့်.......
အပိုင်း(၉)

လမ်းထိပ်အရောက်၌ ခြေလှမ်းတွေက အလိုလိုလေးကျသွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားသလိုလည်း ခံစားလိုက်ရသည်။ အားအင်တွေအစုပ်ခံရသကဲ့သို့ လူကာ တုန်တုန်ယင်ယင်ဖြစ်သွား၏။

လမ်းထိပ်ကကွမ်းယာဆိုင်...။

အေးချမ်းအတွက်ကတော့ သရဲခြောက်သည့်အိမ်နှင့်တူသည်။ လူအသတ်ခံထားရသည့်အိမ်ပျက်ကဲ့သို့ စက်ဆုပ်စရာကောင်း၏။ ကြောက်စရာကောင်းသည့်အရာတစ်ခုခုက ထိုနေရာ၌ စောင့်ဆိုင်းနေသကဲ့သို့ သူ့ကိုအထိတ်တလန့်ဖြစ်စေသည်။

အေးချမ်း သည်ရှေ့ကို မဖြတ်လိုပါ။ မဖြတ်ရဲပါ။ ဘာကိုကြောက်လန့်မှန်းမသိအောင် ရင်တလှပ်လှပ်ခုန်ပြီး ခြေဖျားလက်ဖျားတွေ အေးစက်သွားရသည်။ ထိတ်လန့်နေသည့်တိုင်လည်း သည်အရှေ့ကို မြန်မြန်ဖြတ်မလျှောက်နိုင်။ သရဲစီးခံရသည့်နှယ် ခြေလှမ်းတွေက ထုံထိုင်းလေးလံနေ၏။

သို့သော် ကျောင်းသွား၊ ကျောင်းပြန် သည်ကွမ်းယာဆိုင်ကို အမြဲဖြတ်ရသည်။ မဟုတ်လျှင် သွားစရာလမ်းမရှိပါ။ ဒါကအေးချမ်း နေ့စဉ်ကြုံတွေ့ရသည့်အခက်ခဲဆုံးအချိန်ပဲဖြစ်မည်ထင်ပါသည်။

ကျောင်းသွားရမည်ကိုလည်း ကြောက်သည်။ ကျောင်းပြန်ရမည်ကိုလည်း ကြောက်၏။ ဖြစ်နိုင်လျှင် ကျောင်းသာအချိန်ပြည့်ပိတ်ထားစေချင် သည်။ အကြောင်းရင်းကာ ကွမ်းယာဆိုင်ရှေ့ မဖြစ်ချင်၍ပင်။

အခုလည်း စိတ်ကိုတင်း၊ အသက်ဝဝရှူပြီး ကွမ်းယာဆိုင်ရှေ့ဖြတ်ဖို့ ကြိုးစားသည်။ ဟိုးဘက်ခြမ်းကနေလျှောက်ပြီး ခေါင်းကိုငုံ့၊ လက်သီးလေးကိုဆုပ်ထားမိလျက် အမြန်ကျော်ဖြတ်သွားဖို့ ကြိုးစားပါသော်လည်း

"အေးချမ်း"

"ဟင်..."

ခေါ်သံနှင့်အတူ အနားရောက်လာသည့်အရိပ်ကြောင့် အေးချမ်းတစ်ကိုယ်လုံး ထုံကျင်အေးစက်သွားသည်။ ရှောင်ပါသည်ဆိုမှ ကြောက်ရွံ့ထိတ်လန့်ရသည့် ထိုအရာက သူ့ရှေ့ရောက်လာသည်။

"ကျောင်းဆင်းပြီလား..."

"ဗျာ ..ဟုတ် ဟုတ်ကဲ့"

ရင်နင့်... Where stories live. Discover now