အခန်း (၄၄) သိလိုစိတ်
လန်ကာ့နှင့်အခြားသူများ ထွက်ခွာသွားကြသည့်အချိန်တွင် မောင်သည် စိတ်လှုပ်ရှားစွာဖြင့်လှိုဏ်ဂူထဲတွင် ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့လေသည်။ ခနတာမျှ လမ်းလျှောက်နေပြီး နောက်တွင် သူ့ခေါင်းကို စိတ်ရှုပ်ထွေးစွာဖြင့် ပွတ်သပ်လိုက်သည်။ သူသည် ဘာလုပ်ရမည်ကို မသိဖြစ်နေခဲ့လေ၏။ သူစိတ်ဝင်စားနိုင်မည့် တစ်စုံတစ်ရာ ရှိနေသလောဟု ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပြန်သည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် သူ့ဘေးရှိ ကောက်ရိုး ဖျာတစ်ခုပေါ်တွင် ထိုင်နေခဲ့ပြီး ဗလာကျင်းနေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့လေသည်။
“ ဟေး မင်း... “
မောင် အော်ပြောလိုက်သည်။
“ မင်းက စိတ်မပူပဲ နေတယ်ပေါ့ “
မောင် သည် ရှောက်ရွှမ် အပေါ်တွင်ကောင်းသော ခံစားချက်မရှိနေခဲ့ပေ။ သို့သော်လည်း ယခုအချိန်သည် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များကြောင့် ရန်ဖြစ်နေရမည့် အချိန်မဟုတ်ပေ။ ယခု သူတို့နှစ်ယောက်သာ လိုဏ်ဂူထဲတွင်ကျန်နေခဲ့သည် မဟုတ်ပေလော။ စကားပြောစရာ တစ်စုံတစ်ယောက် မရှိနေခဲ့သဖြင့် သူသည် အလွန်စိတ်ပူနေခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်နှင့်စကားပြောလိုက်ရလျှင် သူ၏ စိတ်ပူနေခြင်းများ လျော့နည်းသွားမည်ဟု သူယူဆလိုက်၏။
ရှောက်ရွှမ် သူ့ကိုမော့ကြည့်လိုက်ပြီး ပြောလိုက်သည် “ တကယ်လို့ စိတ်ပူနေရင်ကော သူတို့အတွက် အကူအညီဖြစ်စေလို့လား ။ တကယ်လို့ ငါတို့သာ အပြင်ထွက်သွားရင် ငါတို့ပါသေသွားနိုင်တယ်။ ငါတို့ က သားရဲရဲ့ လွယ်ကူတဲ့ ပစ်မှတ်တွေဖြစ်နေမှာလေ။ သူတို့ကို ဝန်ပိုမပေးတာ အကောင်းဆုံးပဲ မဟုတ်ဘူးလား “
“ ငါက အပြင်ထွက်ဖို့ကို ပြောနေလို့လား “
မောင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူသည် အပြင်သို့ထွက်ပြီး မည်သည့်အရာများ ဖြစ်နေသည်ကို သိချင်နေသော်လည်း ရှောက်ရွှမ် ပြောလိုက်သည့်စကားများကြောင့် သူအရှက်ရသွားခဲ့သည်။