Chapter 45

45 3 0
                                    

အခန်း (၄၅) လိုဏ်ဂူပြင်ပမှ သတ္တဝါများ

မိုင်သည်လည်း ထိုအချက်ကို သတိပြုလိုက်မိပြီး အံ့သြနေခဲ့လေသည်။

ထိုဟေးစစ်ဖုန်းနှစ်ကောင်လုံးသည် သူဒဏ်ရာ ရစေခဲ့သည့် ဟေးစစ်ဖုန်း မဟုတ်နေကြောင်းကို သူသိနေခဲ့သည်။ မည်သည့် စစ်သည်တော်ကမှ အလကားနေရင်း ဟေးစစ်ဖုန်းကို ရင်ဆိုင်လိမ့်မည် မဟုတ်ပေ။ သူသည် ယခင်က ဟေးစစ်ဖုန်းတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ သူတို့၏ ပြန်လည်ကောင်းမွန်လာတတ်သည့် စွမ်းရည်ကို သူကောင်းစွာနားလည်ထားသည်။ သူကိုယ်တိုင် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သဖြင့် ထိုဒဏ်ရာကို ပြန်လည်သက်သာ စေရန် ရက်ပေါင်း ငါးဆယ်ခြောက်ဆယ်ခန့် လိုအပ်နိုင်ကြောင်းကို သူသိထားပြီး ဖြစ်သည်။

ထို့ကြောင့် သူသည် သူ့ရှေ့ရှိ ဟေးစစ်ဖုန်းနှစ်ကောင်ကို သံသယဝင်နေခဲ့သည်။ သူတို့သည် စစ်သည်တော်များနှင့် သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းမဟုတ်ကြောင်းကို သူသိနေခဲ့၏။ ဤနှစ်ကောင်သည် သူတို့ယခင်က ရင်ဆိုင်ခဲ့သည့် ဟေးစစ်ဖုန်းလောက် ရူးသွပ်နေခြင်း မရှိသည်မှာ ကံကောင်းလှပေသည်။ အရင်က ဒဏ်ရာရသွားတဲ့တစ်‌ကောင်ကော ဘယ်ရောက်သွားတာလဲ။ ဒီနှစ်‌ကောင်ကများ မောင်းထုတ်လိုက်ပြီလား။

“ ကြည့်ရတာ သူတို့က ငါတို့ရှေ့ကို ဆက်မသွားနိုင်အောင်ပဲ လမ်းပိတ်ချင်နေတာထင်တယ် “

ချောင် ပြောလိုက်သည်။

“ သူတို့ အော်နေတာလား .... “

နောက်ထပ်စစ်သည်တော် တစ်ဦး သိလိုစိတ်ပြင်းစွာဖြင့် ပြောလိုက်လေသည်။ သူသည် မိုင်နှင့်သက်တူရွယ်တူပင် ဖြစ်ပြီး မိုင်ကဲ့သို့ အတွေ့အကြုံများသူ တစ်ယောက်ဖြစ်သည်။ ယခင်က သူသည် ဟေးစစ်ဖုန်းများနှင့်အကြိမ် အနည်းငယ်ရင်ဆိုင်ဖူးခဲ့ပြီး အကြီးအကဲများထံမှ ပုံပြင်များကိုလည်း ကြားဖူးခဲ့သည်။ ထို့ကြောင့် သူသည် မိုင်နှင့်အခြားသူများထက် ဤသတ္တဝါများ၏ အကြောင်းကို ပိုသိလေသည်။

“ ဟေးစစ်ဖုန်းတွေက နယ်နိမိတ်ကို တင်းတင်းကျပ်ကျပ်ကာကွယ်တတ်ယုံတင်မကဘူး၊ သူတို့က အော်မြည်တယ်ဆိုတာက ရှားပါးတဲ့ဖြစ်ရပ်တစ်ခုပဲ ။ သူတို့က ဦးချိုတွေကို လှုပ်ခါလိုက်ပြီးတော့ အော်မြည်ကြတာ၊ တကယ်ပါးစပ်ကနေ အော်သံထွက်တာ မဟုတ်ဘူး “

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်Where stories live. Discover now