[ Unicode ]
-----------------အမေကြီးရဲ့အခန်းထဲကနေဖုန်းပြောရင်းထွက်လာခဲ့တဲ့တံခွန့်ကိုမြင်တော့ တည်တံ့စေလည်းအံ့သြသွားသည် ။ ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ကျွန်တော့်ကိုတော့ သူမတွေ့လိုက်ပါ ။ ကိစ္စရှိလို့နဲ့တူပါရဲ့ ။ ဖုန်းပြောလက်စဖြင့်ခြံထဲဆင်းသွားတဲ့သူ့နောက်ကျောပြင်ကိုငေးကာ ဇဝေဇဝါဖြစ်ရ၏ ။
ရန်ကုန်အိမ်ကိုရောက်လာတာမကြာသေးပေမဲ့ သူကကျွန်တော့်အဘွားနဲ့တောင်တရင်းတနှီးရှိနေပါလား ... ဒီကောင်လေးမဆိုးဘူး .. လူကြီးသူမတွေနဲ့အပေးယူတည့်သားပဲ ။
သဘောတကျနဲ့ခပ်ရေးရေးပြုံးလိုက်ပြီးနောက် တည်တံ့ရဲ့ခြေလှမ်းများကအမေကြီးရဲ့အခန်းထဲသို့ ။
မျက်မှောင်ကြုံ့ထားရင်းတရားစာအုပ်ကိုအာရုံစူးစိုက်ကာဖတ်နေတဲ့အမေကြီးတစ်ယောက် ကျွန်တော်ဝင်လာတာလည်းမြင်ကော မျက်နှာလေးကဝင်းဝင်းပပဖြစ်သွားသည် ။ အမေကြီးရဲ့ခုတင်ပေါ်မှာတင်ပါးလွှဲထိုင်လိုက်တော့ လှဲနေရာကနေဖြည်းဖြည်းချင်းထလာကာ ကျွန်တော့်ပေါင်ကိုညင်ညင်သာသာပုတ်ပြီး
" အလုပ်မသွားရဘူးလား ငါ့မြေး "
" ဟင့်အင်း ဒီနေ့နားရက်ယူထားတယ် အမေကြီး ... ရန်ကုန်ပြန်ရောက်တည်းကအိမ်သိပ်ကပ်ရတယ်မရှိလို့လေ ... လေးလေးတို့ကိုအားနာတာနဲ့ ခုတလောရက်ချိန်းတွေလျှော့ထားလိုက်တယ် ၊ ဘာမှတော့မဖြစ်ပါဘူး .. ဟိုမှာလင်းပြည့်တို့တွေအဆင်ပြေအောင်ကြည့်လုပ်နိုင်မှာပါ "
" အေးအေး အဲ့လိုဆိုလည်းကောင်းသားပဲ ... မေကြီးကငါ့မြေးအလုပ်ရူပ်နေမှန်းသိလို့သာထုတ်မပြောတာ .. ဒီရက်ပိုင်း မင်းအားတဲ့အချိန်သားသက်တို့သားအဖတတွေကိုအပြင်လေးဘာလေးခေါ်သွားပြီးလိုက်ပို့ပေးလိုက်ပါအုံး ... မင်းရဲ့လေးလေးကိုကြည့်ရတာ တစ်နေ့တစ်နေ့အိမ်တွင်းပဲအောင်းနေတယ် ၊ ဘယ်မှလည်းမသွားရဘူး ... သူ့ခမျာပျင်းနေရှာမှာပေါ့ "
သားဖြစ်သူအပေါ်မှာစေတနာပိုနေသောအမေတစ်ယောက်ရဲ့စိတ်သဘောထားကိုနားလည်၍ တည်တံ့စေလည်းဘာမှမဖြစ်သလိုမျိုးရေလိုက်ငါးလိုက်ပဲပြောဆိုရသည် ။ အမှန်တရားကိုသိနေသူမို့ ရင်ထဲတော့သိပ်မကောင်းလှ ။
YOU ARE READING
ဝေး ( ongoing ) ေဝး
Romance[ Unicode ] ----------------- အလွမ်းရယ်မပြယ် အချစ်ကဘယ်ဆီဝယ် ဆုံမှတ်တွေလွဲဖယ် ကျီစယ်တဲ့ကြမ္မာငယ် ချစ်ပါလျှက်ဝေးစေတယ် [ Zawgyi ] ---------------- အလွမ်းရယ်မပြယ် အချစ်ကဘယ်ဆီဝယ် ဆုံမှတ်တွေလွဲဖယ် ကျီစယ်တဲ့ကြမ္မာငယ် ချစ်ပါလျှက်ဝေးစေတယ် Moon ( Owncreation...