အပိုင်း (၁၉)
"အဲဒီလူက ဘယ်သူလဲ၊ ဘာလို့ လိုက်သတ်ခံနေရတာလဲ မင်းသိလား"
"သူက ဘယ်သူမှန်း ငါလည်း မသိဘူး..."
ရှောင်းပေါင်မျက်နှာမည်းမှောင်သွားပြီး တိတ်ကျသွား၏။
စူးယင့်က သူ့ကို ခက်ထန်စွာ စိုက်ကြည့်လာသည်။ မိုက်မဲကာ အဖြစ်မရှိခြင်းတို့အပြင် စူးယင့် သူ့အား သဘောမကျသည့် နောက်တစ်ချက်မှာ တဏှာကြူးခြင်းပင်ဖြစ်သည်။
ရှောင်းပေါင်သည် အသက်ငယ်ငယ်ကတည်းက မိန်းမလှလေးများနောက် တကောက်ကောက်လိုက်ကာ ပိုးပန်းရသည်ကို သဘောကျ၏။ သူ့၏ ထိုစိတ်အားထက်သန်ပြီး အရှက်မရှိသောပုံစံကို စူးယင့် အထင်သေးစက်ဆုပ်သည်။ ရှောင်းပေါင်မှာ အလှအပကိုမြင်တာနှင့် ဘာကိုမှမခွဲခြားတတ်တော့ဘဲ သူ့ရဲ့ နဂိုတည်းကမှ အဖြစ်ဆိုးနေသော စီရင်ဆုံးဖြတ်နိုင်စွမ်းလေးမှာ အလှအပကို မြင်လိုက်ရသောအခါ သုညနားကပ်သွားပုံရပြီး ဤတစ်ကြိမ်က သူ အသက်မလိုချင်တော့လောက်အောင် အလှမက်ခြင်း၏ အကျိုးဆက်ပင်ဖြစ်တော့သည်။
ရှောင်းပေါင်၏ စကားများကို ကြားပြီး ရှောင်းပေါင် စူးကျိုးမြို့သို့ ပြန်ခေါ်လာသောလူ၏ လှပမှုအကြောင်း ကောလဟာလများကို ပြန်စဉ်းစားကြည့်မိသောအခါတွင် စူးယင့်မှာ စိတ်ရှုပ်မှုတို့ဖြင့် မျက်နှာအကြီးအကျယ်ပျက်သွား၏။
"မင်း အသက်တောင်ရှင်ချင်သေးရဲ့လားကွ ဟမ်၊ ဇစ်မြစ်မရှင်းလင်းတဲ့မိန်းမတစ်ယောက်ကို အနားမှာထားထားရဲတယ်? ငါ ကျောင်းချိုင်ကျင့်ပေါင်တို့ပြောတာ ကြားပြီပြီ၊ အဲဒီညက သူ လူတွေအများကြီးသတ်ခဲ့တယ်ဆို၊ သူ့မှာ ပြဿနာမရှိတာ ဖြစ်နိုင်ပါ့မလားကွ၊ မင်းတစ်ကိုယ်လုံး အသားတွေပဲတိုးလာပြီး ဦးနှောက်က မဖွံ့ဖြိုးလာဘူးလား!!!"
စကားဆုံးသော် စူးယင့်မှာ သည်းမခံနိုင်ဘဲ ရှောင်းပေါင်၏ခေါင်းကို ဖျစ်ညှစ်လာသည်။ ရှောင်းပေါင်ကား အပြစ်တင်ခံရပြီး၍ ပြောစရာစကားမဲ့လျက်၊ ပညာပေးဆုံးမခံနေရသော မြေးလေးကဲ့သို့ နည်းနည်းမှ ပြန်ခုခံနိုင်စွမ်းမရှိချေ။ မိမိမှာ ဇနီးလည်းဆုံးရှုံးလိုက်ရပြီး ဤမျှကံဆိုးသော အကျိုးဆက်များကိုလည်း ရင်ဆိုင်ခဲ့ရပြီးနောက် သူ တကယ်ပင် ခံရဖို့ထိုက်တန်သည်ဟုသာ ခံစားမိတော့သည်။ စူးယင့်ပြောတာ နည်းနည်းလေးမှ မမှားပေ။ မိမိသည် ပုံမှန်အားဖြင့် သိပ်သတ္တိရှိလှသည်မဟုတ်သည့်တိုင် အလှလေး၏ ညို့ငင်ပြုစားမှုအောက်၌ တစ်ခဏအတွင်းမှာပဲ လေရှူသွင်းလိုက်သောဖားကဲ့သို့ သတ္တိများ ဖောင်းပွလာကာ ပြဿနာတက်သွားခဲ့ရခြင်းဖြစ်သည်။ အားလုံးက သောက်ကျိုးနည်း သူ့အမှားများသာ။
YOU ARE READING
မက်မွန်ပန်းတွေပွင့်လို့ဝေတိတ်တဆိတ်ဝမ်းနည်းနေ
Historical Fictionဘာသာပြန် by Legacy Novel Translation