အပိုင်း (၂၁)
ရှောင်းပေါင်မှာ တစ်ပတ်ကျော်မျှ အိမ်တော်ထဲ ပိတ်ထားခံရပြီး အလွန်တရာမှ ပျင်းရိလို့နေကာ ရေကန်ဘေး၌ ကန်ထဲ ကျောက်တုံးများပစ်ထည့်နေသည်အထိ ပျင်းနေ၏။ သူ့မှာ နေ့ရက်များကို ငါးတွေကြည့်ရင်း ငှက်တွေကိုစနောက်ရင်းဖြင့် ကုန်ဆုံးနေရပြီး ပျင်းရိမှု အထွဋ်အထိပ်ကို ရောက်နေတော့သည်။ တစ်ဖက်တွင်မူ စူးယင့်မှာ နေ့စဉ်နေ့တိုင်း အရိပ်ပင်မမြင်ရဘဲ မကြာခဏ ညဘက်များတွင် လုံးဝပြန်မလာဘဲရှိရာ ရှောင်းပေါင်မှာ စူးယင့်တစ်ယောက် နေ့တိုင်း ဘယ်တွေများသွားနေပါလ်ိမ့်ဟု စဉ်းစားမိရသည်။ သို့သော် ဒီနေ့မှာတော့ အံ့ဩစရာကောင်းစွာပင် စူးယင့်က သူနှင့်အတူ အချိန်ဖြုန်းပေးနေ၏။
စူးယင့်က ဝါးခေါက်ကုတင်ပေါ်လှဲလျက် လေညင်းခံရင်းဖြင့် စာအုပ်ဖတ်နေကာ သူ့မျက်နှာမှာ စိတ်ကျေနပ် သက်တောင့်သက်သာဖြစ်နေသောအမူအရာရှိ၏။
ရှောင်းပေါင်နှင့် စူးယင့်တို့မှာ ထိုနေ့ညနေကတည်းက တစ်ယောက်ကိုတစ်ယောက် အေးတိအေးစက်ဆက်ဆံနေခဲ့ကြခြင်းဖြစ်သည်။ တကယ်တမ်းမှာ ရှောင်းပေါင်ဘက်က တစ်ဖက်သတ် စိမ်းကားနေသော်လည်းပေါ့။ စူးယင့်ကတော့ ပုံမှန်အတိုင်းပင် သူ့ကိစ္စသူလုပ်ကာ ရှောင်းပေါင်၏ စိတ်ဆိုးမာန်ဆိုးအကြည့်များနှင့် ဒေါသတို့ထံမှ သက်ရောက်ခံရခြင်းမရှိချေ။ ဤသည်က ရှောင်းပေါင်ကို ပို၍သာ ဒေါသထွက်စေလေသည်။
အခေါ်အပြောမလုပ်ဘဲ ဆက်နေနေခြင်းက အဓိပ္ပာယ်မရှိမည့်ပုံသာပေါ်သည်။ အထူးသဖြင့် ရှောင်းပေါင်မှာ သူ့ကိုမေးဖို့လိုသည့်ကိစ္စတစ်ခု ရှိနေသောကြောင့်ပင်။
"ဟေ့ကောင်"
"အင်း"
စူးယင့်က ပျင်းရိစွာ လည်ချောင်းသံဖြင့် ပြန်ထူးလာသည်။ သူက မျက်ခွံပင် ပင့်ကြည့်မလာပေ။
"မင်း ဘာလို့ ကျွော်ယင်ကို လွှတ်မပေးတာလဲ"
"မင်းက သိပ်တုံးလွန်းတယ်၊ ရှင်းပြရတာ လေဖြုန်းတီးရာကျတယ်"
စူးယင့်၏လေသံမှာ ရွဲ့နေပုံမရသလို လှောင်ပြောင်နေပုံလည်းမပေါ်ဘဲ ဒီနေ့ရာသီဥတုသာယာတယ်နော် ဟု အမှန်တရားကို ပြောနေသကဲ့သို့ပင် ဖြစ်သည်။ သူက ပို၍အမှုမထားဟန်ပေါ်လေလေ၊ သူ့စကားများက ပို၍ခိုင်မာပုံရလေလေဖြစ်ကာ ရှောင်းပေါင်မှာ ထခုန်လာသည်အထိ စိတ်ဆိုးသွားသည်။
YOU ARE READING
မက်မွန်ပန်းတွေပွင့်လို့ဝေတိတ်တဆိတ်ဝမ်းနည်းနေ
Historical Fictionဘာသာပြန် by Legacy Novel Translation