အပိုင်း (၂၀)
ယို့ယင်သည် တံခါးမှလှမ်းဝင်လာပြီး နောက်ခြေထောက်က မြေကြီးကို မထိရသေးခင်မှာပဲ သူ အကြည့်စူးစူးဖြင့် ခန်းမထဲရှိလူအားလုံး၏ မျက်နှာများကို စနည်းနာကာ ဘယ်သူက စကားပြောလို့ရမည့်လူ (အရေးအပါဆုံးလူ)မှန်း အလျင်အမြန် ဆုံးဖြတ်လိုက်သည်။
ယို့ယင်က နည်းစနစ်ကျကျ ဦးညွှတ်လိုက်၏။
"ဒီကပုဂ္ဂိုလ်က သခင်လေးစူး စူးယင့်ပါလား"
ရှောင်းပေါင်မှာ သွေးအန်လုနီးပါး စိတ်ဆိုးသွားသည်။ ယို့ယင်က သူ့ကို တည့်တည့်ပင် တစ်ချက်မကြည့်ချေ။ သူ့အားထုတ်မှုများ အလကားဖြစ်သွားရသလို ခံစားသွားရလေသည်။
စူးယင့်က နှုတ်ခမ်းစွန်းများ ခပ်ဖွဖွကော့ကာ ပြုံးလိုက်သည်။
"အမှန်ပါပဲ"
"ကျွန်တော့်အစ်ကိုက ဒီအိမ်မှာ ရက်အတော်ကြာကြာ ဒုက္ခပေးမိနေပြီမို့ ဒီနေ့ ကျွန်တော် အစ်ကို့ကို လာခေါ်တာပါ၊ ခင်ဗျားတို့အတွက် ထပ်ဒုက္ခမများရတော့အောင်"
"အေး တော်တော်အလုပ်ရှုပ်တာကွ၊ ဒီရက်တွေအတွင်း သူ ငါတို့အိမ်က ဆေးကောင်းတွေ ဘယ်လောက်တောင် သုံးပြီးသွားလဲ မင်းမသိလို့၊ သူ့ကို တစ်ရက်ပတ်လုံး ပြုစုပေးဖို့ ငါ အစေခံသုံးယောက် ချထားပေးရတယ်၊ ဒါတောင် သူက မာနကြီးလိုက်တာမှ ပြောမနေနဲ့တော့၊ ဘာမေးမေး မသိဘူးပဲဖြေတယ်၊ ဟမ့်"
ရှောင်းပေါင်မှာ ကျွော်ယင်ဆီမှ ဘာအချက်အလက်မှ နှိုက်ထုတ်လို့မရသဖြင့် နဂိုတည်းက စိတ်တိုနေပြီး ယခု ယို့ယင်ထံမှလည်း လျစ်လျူရှုခံနေရသဖြင့် သူ ပါးစပ်ဟလိုက်သည်နှင့် မကောင်းသည့်စကားများသာ ထွက်လာတော့သည်။
ယို့ယင်က သူ့ကိုလှည့်ကြည့်လာပြီး ဒေါသများကို ဖိနှိပ်ထားရလျက်။ ကျင်းအိမ်တော်မှ လူကိုပြန်လွှတ်ပေးရန် ငြင်းဆန်မှုကြောင့် သူ ခရီးနှင်လာသည့် လမ်းတစ်လျှောက်လုံး စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရသည်။ ယခုတွင် ဤ အသုံးမကျသော ဒုတိယမျိုးဆက်လေး၏ အဓိပ္ပာယ်မရှိသော မခံချိမခံသာစကားများကို ကြားရသောအခါ အမှန်ပင် လူကို ဒေါသမီးတောက်စေလေသည်။ သို့သော် သူ ရေရှည်ကို မျှော်ကြည့်ကာ ဒေါသမီးများကို ဖိနှိပ်ထားလိုက်ပြီး တရိုတသေဖြင့် ဦးညွှတ်လိုက်သည်။
YOU ARE READING
မက်မွန်ပန်းတွေပွင့်လို့ဝေတိတ်တဆိတ်ဝမ်းနည်းနေ
Historical Fictionဘာသာပြန် by Legacy Novel Translation