တိတ်ဆိတ်ငြိမ်သက်နေသော စာကြည့်ခန်းကို ခေါင်းပြူ၍ ဝေ့ဝဲကြည့်ကာ အတွင်းရေးမှူးလီ အခန်းတံခါးကို ပြန်ပိတ်လိုက်သည်။ ဧည့်ခန်းဘက်ကို ပြန်လှည့်လာခဲ့ရင်း လက်ထဲက သားရေလက်ဆွဲအိတ်ကို ဆိုဖာခုံပေါ် အသာချလျက် ဝန်းကျင်ကို စူးစမ်းမိပြန်သည်။ ဘယ်ရောက်နေပါလိမ့်။ ဧည့်ခန်းထဲမဟုတ်ရင် စာကြည့်ခန်းထဲ အမြဲရှိနေတတ်သည့်ကောင်လေးက အခုအစပင် ရှာမတွေ့။
"အိပ်နေတာများလား"
ဖြစ်နိုင်သောကြောင့် ပြန်ရန်ပဲ ဆုံးဖြတ်လိုက်ကာ ဆိုဖာပေါ်က သားရေအိတ်ကို ပြန်ကောက်ယူလိုက်သည်။ ကလဲ့စားချေလိုသည့် စိတ်တွေနှင့် အချိန်ပြည့် ပူလောင်နေတတ်သော ကောင်လေး၏ ရှားရှားပါးပါး အနားယူချိန်မှာ မနှောင့်ယှက်ချင်ပါ။
ထိုကောင်လေးကို သူMaster Kimဟု ခေါ်လေ့ရှိသော်လည်း တကယ်တမ်းဆို ကောင်လေးအသက်က သူ့ထက် ထက်ဝက်လောက် ငယ်သည်။ အတွင်းရေးမှူးလီကဲ့သို့ လေးဆယ်ကျော်လူကြီးက အကြောင်းမဲ့တော့ သူ့ထက် ထက်ဝက်ငယ်ရွယ်သူထံမှာ ခစားစရာအကြောင်းမရှိပါ။
'ငါမရှိတဲ့နောက်ပိုင်း မင်းဆီမှာပဲ ငါ့သားလေးကိုအပ်ပါတယ်။ စောင့်ရှောက်ပေးပါ' တဲ့။ သူ့ဆရာသခင် Kimသူဌေးကြီးရဲ့ နောက်ဆုံးစကား။ အပြစ်တွေကိုဆေးကြောရန် Kimသူဌေးကြီး သေလမ်းကို ရွေးချယ်သွားခဲ့သောအခါက သူ့အတွက်မှာခဲ့သောစကား။
သည်စကားအတိုင်း သစ္စာရှိသော တပည့်တစ်ယောက်ပီသစွာ အတွင်းရေးမှူးလီ Jonginဆိုတဲ့ကောင်လေးကို စောင့်ရှောက်ရန် ပြင်ဆင်ခဲ့ပေမယ့် ကောင်လေးက ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။ နှစ်တွေကြာ၍ ပြန်တွေ့ချိန်မှာလည်း ဖြူစင်ရိုးသားသည့်ကောင်လေးက အငြိုးတွေ အမုန်းတရားတွေ ပြည့်နှက်နေသော Kim Kaiဖြစ်နှင့်နေခဲ့ပြီ။
အတွင်းရေးမှူးကို ခေါင်းကိုအသာခါယမ်းမိကာ အိမ်တံခါးမကြီးရဲ့လက်ကိုင်ကို ဖွင့်ရန်ပြင်လိုက်စဉ်...
"အတွင်းရေးမှူးလီပါလား။ ကောင်လေးကို လာတွေ့တာလား"
တံခါးဖွင့်မည့်လက်ကို အတွင်းရေးမှူးလီ ပြန်ရုတ်လိုက်ကာ နောက်လှည့်ကြည့်လိုက်တော့ သန့်ရှင်းရေးဝတ်စုံပြည့်နဲ့ Arjima။ Doမိန်းကလေးအတွက် လိုအပ်သည်ဆိုသော Jongin စကားကြောင့် Arjimaနဲ့ကလေးမလေးတစ်ယောက်ကို သူပဲခေါ်ပေးခဲ့ခြင်းဖြစ်သည်။
