"ခလွမ်း"
ဘယ်နှစ်ကြိမ်မြောက်သော ပန်းကန်မှန်းမသိရသည့် ထမင်းပန်းကန်လေးက ပေါလစ်ရောင်တောက်တောက် ကြမ်းပြင်ပေါ်ကို လွင့်ခနဲ။ သူမ ဒီအိမ်ကိုရောက်လာပြီးမှ ခေါ်ထားသည်ဆိုသော အိမ်အကူအဒေါ်ကြီးနဲ့ ကောင်မလေးတို့မျက်နှာမှာလည်း အပျက်ပျက်အယွင်းယွင်း။
မတတ်နိုင်ပါ။ ဒီအိမ်ကြီးမှာ တစ်စက္ကန့်လေးမှ နေချင်စိတ်မရှိသော သူမအတွက် လုပ်နိုင်တာလေးဆို၍ ဒါပဲရှိသည်။ အစာငတ်ခံ ဆန္ဒပြဖို့လေ။ တစ်ရက်နဲ့တစ်မနက် အစာမစားဘဲ နေနေတာတောင်မှ ဟိုလူ Kim Kaiက သူမရှေ့ ထပ်ရောက်မလာသေး။ သူ့အစား စားသောက်ဖွယ်ရာမျိုးစုံပဲ မပျက်မကွက် ရောက်ရောက်လာသည်။ ရောက်လာတိုင်းလည်း သူမကတော့ ထုံးစံအတိုင်း လွှင့်ပစ်မြဲ။
"Arjima"
ရောက်လာပါပြီ။ ပေါ်တော်မူကြီး Kim Kai။ ထိုလူ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သောကြောင့် ပန်းကန်ကွဲစတွေကို ရှင်းနေသည့် အဒေါ်ကြီးနဲ့ကောင်မလေးတို့ ခပ်သွက်သွက်လုပ်ကာ ခေါင်းလေးငုံ့ရင်း အခန်းထဲက အလိုက်တသိ ထွက်သွားသည်။
ထိုအခါမှ တံခါးဘောင်ကိုမှီပြီး သူမကိုလက်ပိုက်ကြည့်နေသော Kim Kaiက သူမအနား ရောက်လာပြီး ဘေးနားကလွတ်နေသည့် အိပ်ရာအစွန်းလေးမှာ ဝင်ထိုင်ကာ...
"မင်းဘာလို့ဒီလိုတွေလုပ်နေတာလဲ Kyungsoo"
သိလျက်နှင့် မေးခွန်းလုပ်မေးနေသော သူ့ကိုချဉ်လာတာမို့ Kyungsoo ကြမ်းပြင်ပေါ်ကိုသာ အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေလိုက်သည်။ သူမ သည်ကိုစရောက်ပြီး သူနဲ့ဆုံခွင့်ရတိုင်း အိမ်ပြန်ပို့ပေးပါချည်း အခါခါ တောင်းဆိုခဲ့သည်ပဲ။ တစ်ခါတရံ အခန်းထဲ သော့ပိတ်ခံထားရတဲ့အချိန် အပြင်မှာလူရှိမရှိ မသိလည်း တံခါးကို တဒုန်းဒုန်းထုရင်း အိမ်ပြန်ပို့ပေးဖို့ အော်ဟစ်နေခဲ့သည်ပဲ။
"ဘာလဲ အိမ်ပြန်ပို့ပေးဖို့ပဲလား"
ကြည့်... သိရဲ့သားနဲ့။ Kyungsooစိတ်ထဲ မျှော်လင့်ချက်အလင်းရောင်လေး အနည်းငယ်သန်းသွားကာ မျက်နှာလွှဲထားရာမှ Kim Kaiဆီ အကြည့်တွေ ပြန်ပို့လိုက်သည်။
