D.O's P.O.V
အိပ်မက်ဆိုရင်လည်း မနိုးထချင်တော့ ။
ဒီအခိုက်အတန့်လေးမှာ ခံစားရတဲ့ နွေးထွေးမှုကို ဘာနဲ့မှမလဲနိုင် ။
သူ့ရင်ခွင်ထဲမှာ နားနေခိုက် ရရှိနေတဲ့ သူ့ရဲ့ ရနံ့လေးတွေကအစ ကျနော်ဟာ ဆေးမူးသလို ရှုရှိုက်ကာ စွဲလန်းနေမိပြီ ။အချစ်ကြီးလွန်းသော ကျနော့်အတွက် နောင်တဆိုတာ အရေးမပါသလို နာကျင်မှုဆိုတာလည်း သူနဲ့တွေ့ရင် မြူမှုန်လေးလို ကွယ်ပျောက်သွားသည် ။ ဘယ်ဘဝက ဝ၌ကြွေးတွေလည်း မသိပေမယ့် ကျနော်ဟာ Kim Jongin ဆီမှာ အရာရာကျရှုံးမယ့်ကံဇာတာက ပါလာနေပြီးသား ထင်၏ ။ အပြစ်ဆိုတာ မမြင်ရက်လောက်အောင် သူ့ကို ချစ်မိနေသည် ။
မဆုံစည်းပေးတဲ့ ကံကြမ္မာကိုတောင် အပြစ်မတင်ဘဲ ချစ်လွန်းတတ်တဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ခဲ့သည်အထိ စွဲလန်းနေမိသည် ။
အခုလည်း ...နောက်ထပ်တစ်ကြိမ် သူ့ရဲ့ လှည့်ကွက်တွေထဲမှာ ကျရှုံးတော့မယ်မှန်း သိနေရဲ့နဲ့တောင် မျက်လုံးကိုစုံမှိတ်ကာ ထိုအချစ်တွင်းနက်ကြီးထဲ တစ်ဖန်ပြန်ဆင်းဖို့ ကြိုးစားနေပြန်ပြီ ။ အမှားအမှန်ခွဲခြားနိုင်သော ဦးနှောက်ရဲ့ ငြင်းဆိုမှုကို သိနေပေမယ့် ကျနော့် နှလုံးသားကတော့ ပိုင်ရှင်ရှိရာအရပ်ဆီ ရဲရဲကြီး တိုးဝင်လို့နေပြန်၏ ။
ထွက်ပြေးလိုက်ရမှာလား ။ သူ့ရင်ခွင်ထဲကနေ ရုန်းကာ သူ့ကို ဆွဲထိုးလိုက်ရမလား ။ သူ့ကို စေ့စေ့ကြည့်ကာ အရာရာကို ရင်ဆိုင်ပစ်လိုက်ရမလား ။ အတွေးတွေက ယောက်ယက်ခတ်နေပေမယ့် တကယ်တမ်းကျ မလှုပ်မရှက်ကာ ရပ်နေမိဆဲ ။ ထွက်ပြေးဖို့နေနေသာသာ ပိုလို့တောင် တိုးဝင်နေတဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် သူ့ကို လွမ်းနေမိလဲဆိုတာ သက်သေပြနေသလို။ မေးခွန်းတွေမေးလိုက်ရမလားလို့သာတွေးမိပေမယ့် တကယ်တမ်းကျ ရှိုက်သံကလွဲ၍ ထွက်မလာတဲ့ ပါးစပ်ကိုလည်း မုန်းမိသည် ။