## Lotte Hotel ##
ဆိုင်းဘုတ်ကပင် ထို Hotel ကဲ့သို့ ခမ်းနားထည်ဝါနေသည်။
Chanyeol Lotte hotel ရှေ့တွင် ရပ်နေမိသည်။ပြေးလာခဲ့သော်လည်း သူ့အမေနှင့် တွေ့ရတော့မည်ဟူသော စိတ်ကြောင့် မောရပန်းရမည်ကိုပင်မသိနိုင်။ပျော်ရွှင်ခြင်းများနှင့် သူ့မျက်လုံးများ အရောင်တောက်နေခဲ့သည်။
ထို့နောက်တွင်မှ သူ့ရှေ့တွင် ခမ်းနားထည်ဝါစွာ တည်ရှိနေသော Hotel ကြီးဆီ အာရုံရောက်သွားသည်။
ထိုသို့သော ကြီးကျယ်ခမ်းနားလှသည့် Hotel မျိုးဆိုတာ သူနှင့်မရင်းနှီးသော အစိမ်းသက်သက်အရာမျိုးဖြစ်သည်။သူ့ဘဝတွင် ထို $ ရာချီသော Hotel သည် သူနှင့်လားလားမျှ မသက်ဆိုင်သည့် အရာပင်။
Lotte Hotel သို့ ဝင်ထွက်သွားလာနေသည့် လူများကို မြင်နေရသည်။လူကုံထံမှန်း သိသာစွာသော အသွင်ကိုယ်စီနှင့်။
အကျင့်ဆိုသည်မှာ ပြင်လို့ရသော အရာမျိုးမဟုတ်ပါပေ။ထို့ကြောင့် Chanyeol မှာလည်း သူ့တွင် စွဲမြဲနေပြီဖြစ်သော လူကြောက်တတ်သည့် အကျင့်ကို ပြင်၍မရပါ။သူကိုယ်တိုင်ကိုက ပြင်ရန် မကြိုးစားသည်လည်း ဖြစ်နိုင်ပါသည်။coffee ဆိုင်တွင် အချိန်ပိုင်းအလုပ်လုပ်နေသည်ဖြစ်သော်လည်း လူကြောက်တတ်သော သူ့အကျင့်မှာ ရှိမြဲရှိဆဲပင်။
မည်သို့ပင်ဆိုစေ လူရုတ်ရုတ်ရုတ်ရုတ်ဆို သူတိုးဝှေ့သွားလာဖို့ မဝံ့ရဲပါ။
အထူးသဖြင့် ဒီလိုဂုဏ်သရေနှင့် ပြည့်စုံနေသော မျက်နှာကြောတင်းတင်း သူများကြားမှာ။
လေကို တစ်ချက်ဝဝရှူရှိုက်သွင်းရင်း အားမွေးလိုက်သည်။ထိုအခါ လေများသာမက သတ္တိများပင် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့်အလား ခံစားရသည်။
သို့မဟုတ် သူ့သတ္တိများကို မွေးဖွားပေးသည့်အရာက သူ့မျက်စိရှေ့ရှိ Hotel ထဲတွင် ရှိနေခြင်းကြောင့်ပေလား။
မျှော်လင့်ချက်ရောင်ခြည်တို့ဖြင့် သူ့မျက်နှာသည် လင်းလက်သွားခဲ့သည်။
ထို့နောက် တက်ကြွသော ခြေလှမ်းများဖြင့် Lotte Hotel ထဲသို့ လျှောက်လာလိုက်တော့သည်။