ကျောင်းပိတ်ရက်ဖြစ်သဖြင့် Chanyeol အိမ်တွင်ရှိနေသည်။မနက်စာပြင်ရင်းသူတွေးနေမိသည်။
Wu Yifan ဒီနေ့အိမ်မှာရှိမှာလား ...
ကျယ်ဝန်းလှသည့်အိမ်ကြီးထဲတွင် ၂ ယောက်ရှိနေတာတောင် သည်လောက်အေးစက်ပြီးပျင်းစရာကောင်းနေတာ။
Wu Yifan ကပါမရှိလျှင် ...
သို့သော် သူ့အလုပ်က ပိတ်ရက်ဟူ၍ တသီးတသန့်မရှိ။စနေ တနင်္ဂနွေပင်ဖြစ်သော်လည်း ကိစ္စရှိလျှင် သွားရသည်သာဖြစ်သည်။
သူတွေးနေစဉ်မှာပင် Wu Yifan အောက်ထပ်သို့ ဆင်းလာသည်။
သည်တော့ ...
အလုပ်သွားရဦးမည်ပေါ့။
Wu Yifan သည် အလုပ်သွားသည့်အချိန်နှင့် ရေဆင်းသောက်သည့်အချိန်မှလွဲ၍ အောက်ထပ်သို့ဆင်းလေ့မရှိပါ။
Wu Yifan က ခဏချင်းပင် မြင်ကွင်းမှပျောက်ကွယ်သွားသည်။
Chanyeol လည်း ဒီလိုလျစ်လျူရှုမှုတွေနှင့် အနည်းငယ်တော့ အသားကျလာပြီထင်ပါသည်။
ထမင်းစားပွဲတွင် ထိုင်ရင်း ပြင်ထားသော မနက်စာကိုသာ စားနေလိုက်သည်။
တစ်နေ့နေ့တွင်တော့ သူတို့၏ အိမ်ထောင်ရေးသည် သာယာကောင်းသာယာလာပါလိမ့်မည်။
💚💛💜
Chanyeol ဧည့်ခန်းရှိထိုင်ခုံတွင် ထိုင်နေသည်။
သို့သော် ...
Wu Yifan ကို ထိုင်စောင့်နေသည်ဆိုက ပိုမှန်ပေလိမ့်မည်။
အိမ်ထဲမှအပြင်သို့ထွက်သည့် တံခါးမကြီးမှတစ်ဆင့် အိမ်အပြင်ဖက်ရှိ မြက်ခင်းပြင်ကြီးကို လှမ်းမြင်နေရသည်။
မိုးရာသီကို ဝင်ရောက်နေပြီဖြစ်သဖြင့် မြက်ပင်များမှာ ရေဝကာ စိမ်းလန်းနေကြသည်။
ဘာလိုလိုနှင့် Chanyeol လည်း Wu Yifan နှင့် လက်ထပ်သည်မှာ ၃ လပြည့်ခဲ့ပေပြီ။
သို့သော် သူတို့၏အိမ်ထောင်ရေးမှာ အေးစက်ဆဲပင်။
အေးစက်သည်ဟုပြောလို့ပင် ရနိုင်ပါမည်လား။အမှန်က အေးခဲနေသည်ဟု ပြောရပေမည်။