" ကိုယ်တို့ Date လုပ်ကြမလား "
" ဟမ် "
နားအဖျားနုနုလေးနဲ့ ထိလုနီးနီး အတောင်ပံဖြန့်၊ ပျံဝဲလာသော လေသံ ခပ်အောအောက ကိုင်ထားသည့် ပန်းကန်တစ်ချပ်ကိုပင် အောက်သို့ လွတ်ကျ၊ မကွဲသွားစေရုံတမယ်။
" ဘာ.. ဘာပြောလိုက်တယ်? "
နေ့လည်စာ စားချိန်မှာ ဝန်ထမ်းတွေနဲ့အတူ လိုက်သွားဘဲ ကျွန်မ ကျန်ခဲ့တဲ့ ဟောဒီ စားဖိုဆောင်ထဲ သူ ရစ်သီရစ်သီ လာလုပ်နေသည်က တစ်ကြောင်း၊ တစ်ယောက်ယောက်ကများ ဤ မြင်ကွင်းအား ဖျတ်ခနဲ မြင်တွေ့သွားရင် ဘာမဟုတ်တာကို အဟုတ်မှတ်၊ အထင်အမြင် လွဲသွားမှာ စိုးရိမ်တာက တစ်ကြောင်းရယ်ကြောင့် ကိုယ်တော်ချောနဲ့ဝေးရာ ဘေးဘက်သို့ တရွေ့ရွေ့ ဆုတ်ရင်း ထစ်ထစ်ငေါ့ငေါ့ မေးခွန်းထုတ်မိ၏။
" စျေးဘက်တန်းတွေ မင်းနဲ့အတူတူ တစ်ခေါက်လောက် သွားကြည့်ချင်တယ် ... ခေါက်ဆွဲလည်း တူတူစားမယ်.. တော့ပိုကီရောပဲ .. ပြီးတော့ အရုပ်လည်း ကောက်ကြမယ်လေ ... ညနေကျရင် အားပြီမလား? "
သူ့အပြုံးတွေအား အမှတ်တမဲ့ ငေးမောခွင့် ကြုံတော့ ကျွန်မပါ အလိုလို ပြုံးမိသည်။
" Myungsoo ... နင် တကယ် ကလေးလေးနဲ့ တူတာ သိလား "
တခစ်ခစ် ပွဲကျသံအချို့ကို သူဟာ ကြည်နူးရိပ် သမ်းသော မျက်ဝန်းတစ်စုံဖြင့် တိတ်တဆိတ် နားစွင့်ထောင်လို့။
" ကိုယ် မင်းကို ပြောစရာစကားလည်း ရှိတယ် "
သူ့မျက်နှာပေါ် ကျွန်မ သတိလက်လွတ် ကြွေကျ၏။
တည်တံ့နေတဲ့ သူ့ရဲ့ မျက်ဝန်းတွေဟာတော့ ခမ်းနားစွာ စူးရှတောက်ပလျက်။
•••••
" စျေးဘက်တန်းတွေ သွားချင်တယ်ဆိုပြီး ငါတို့တွေ ဘာလို့ ဒီကိုရောက်နေတာပါလိမ့် "
မြစ်ကမ်းဘေးတွင် ထိုင်၊ ကောင်းကင်ပေါ်၌ မြူးထူးစွာ ကခုန်နေသည့် မီးပန်းရောင်စုံများအား မျက်စိတဆုံး ငေးမောကာ နှုတ်ခမ်းတစ်စုံကို ကျွန်မ အလှဆုံး ကွေးညွတ်မိသည်။
" စျေးဘက်တန်းတွေလည်း လှပေမယ့် ဒါက ပိုလှတယ် "
ကျွန်မနဲ့ထပ်တူ မိုးသားထက် အကြည်တို့ ဖြန့်ခင်းရင်း သူ ကြည်လင်စွာ ရွတ်ဆို၏။ လတ်ဆတ်သော ချစ်စဖွယ်အပြုံးလေးတစ်ပွင့်နဲ့။