"ပြောတော့ဖြင့် ခွင့်ပြုချက် တောင်းမယ်ဆိုပြီး"
မကျေမနပ် ပျံဝဲလာတဲ့ လေသံကို ကြားပြီးပြီးချင်း ဆံပင်တွေပေါ်က နှုတ်ခမ်းနှစ်လွှာအား ရုတ်သိမ်းကာ သူ တိုးညှင်းစွာ ရယ်သည်။
"ဆံပင်လေးပဲဟာ၊ ပြီးတော့ ထိရုံလေးထိတာ
ခွင့်ပြုချက်တောင်းစရာ လိုလို့လား"နှုတ်ခမ်းများ ဖွင့်ဟ၊ ရယ်မောနေပေမယ့် အနှီ ရယ်မောခြင်းများထဲ ပါရှိနေသင့်သည့် ခွန်အားတို့ဟာ ဖျော့တော့လို့။
"ဘာပဲဖြစ်ဖြစ် ဒီ ဆံပင်ကလည်း ငါ ပိုင်တဲ့ ပစ္စည်းပဲလေ၊ မဟုတ်ဘူးလား"
"ဟားဟား ဟုတ်ပါပြီဗျာ၊ ဒါဖြင့် ကျွန်တော် မှားသွားပါတယ်"
ထွေးဖက်ထားတဲ့ လက်မောင်းတစ်ဖက်ကို အလိုက်သင့် ဖြေလျှော့ပြီး ယဉ်ယဉ်ကျေးကျေး အသုံးအနှုန်းဖြင့် သူ နောက်ပြောင်၏။
ခပ်ရေးရေး တစ်ချက် ပြုံးမိတော့ ပြုံးနေတဲ့ ကျွန်မ နှုတ်ခမ်းတွေဆီအရောက် ဦးခေါင်းကြီး တိမ်းစောင်းကာ လိုက်ငေးလာသည်။
လူက ဒီလောက် နေမကောင်းဖြစ်နေတာတောင် ထို ပြီတီတီ အကြည့်တွေ ဒေါင်ဒေါင်မြည်နေသေးတာ အံ့သြချင်စရာ။"ဒါနဲ့ ပြိုင်ကားကို နင် သေမလို အရှိန်တင်ပြီး မောင်းလို့ ဒီလိုတွေ ဖြစ်ကုန်တာမလား"
အရှေ့က သူ့ကို မော့ကြည့်ပြီး ခပ်ဆတ်ဆတ် ဆူတော့ နွမ်းချိချိ မျက်နှာထားနဲ့ ဘေးက ကုတင်ပေါ် ထိုင်ချ၏။
"ဒီအတိုင်း...."
မရေမရာ လေသံတစ်ခုအဆုံး၊ ဆက်လက် လွတ်မြောက်ချင်နေသော အဖြစ်အပျက်တစ်ချို့အား ခပ်တိုးတိုး ဝင်သက်ထွက်သက်များ အကူအညီဖြင့် သူ ခဏတဖြုတ် ဆိုင်းငံ့ထားခဲ့သည်။
"ဒီနားကို ခဏလောက် လာပါလား"
ထိခတ်ရုံ အနေအထားမှ ကျွန်မရဲ့ လက်ချောင်းဖျားတွေကို သူ အသာ လှမ်းဆွဲရင်း သူ့ကိုယ်ငွေ့တို့နဲ့ အနီးသို့ ရောက်ရှိစေ၏။
ဖြည်းဖြည်းချင်း ရှိုက်ထုတ်နေသော အသက်ရှူသံဖျော့ဖျော့က သူ အခု ကိုယ်ရောစိတ်ပါ တကယ်ကို နွမ်းလျနေပြီ ဖြစ်ကြောင်း ထင်ရှားစွာ သက်သေတည်နေသလို။