" ဘာလုပ်နေတာလဲ ? မြန်မြန် သောက်လေ "
စားပွဲခုံထက် တံတောင်ဆစ်ကို ထောက်၊ ဖြန့်ထားတဲ့ လက်ဖဝါးတစ်ဖက်ပေါ် မေးတင်လို့ သူ ကျွန်မအား တစိမ့်စိမ့် ပြုံးကြည့်နေသည်။
YuNa ဘက် အမှတ်တမဲ့ လှမ်းငေးမိတော့ သူမသည် ကျွန်မ အကြည့်များကို ဆတ်ခနဲ ရှောင်ဖယ်ရင်း တစ်ဖက်ခြမ်းသို့ မျက်နှာ လွှဲသွားရဲ့။
ပြောင်စပ်စပ် ရှုစားနေကြလျက် ရှိသော မျက်ဝန်းအလုံးပေါင်းဟာ တစ်စတစ်စ ပိုပိုများလာတဲ့အခါ လှိုက်ခနဲ ဝဲတက်လာသည့် မျက်ရည်စတွေ။
ကျဆင်းဖို့ မသင့်သော ထို မျက်ရည်စများအား မျက်တောင်တစ်ချို့ဖြင့် ပုတ်ခတ်ပုတ်ခတ် လုပ်၍ အသာ ထိကိုင်မိသည့် ပထမဦးဆုံး ဘီယာခွက်။
မျက်လုံး စုံပိတ်၊ အသက်မရှုဘဲ တစ်ကျိုက်တည်း မော့ချပစ်လိုက်တော့ အနီးအနားရှိ ယောကျ်ားများထံမှ ထွက်လာသော ဝိုးးခနဲ ဝါးးခနဲ အသံပလံပေါင်းစုံက နားစည်ထဲအရောက် တစီစီ ညံလာလျက်။
" တော်လိုက်တာ .. ရော့ .. နောက်တစ်ခွက် ထပ် သောက် "
အထင်ကြီးမှု တစ်စက်ကလေးပင် ကိန်းအောင်းမနေသည့် မျက်ဝန်းတစ်စုံနှင့် ထိုသူဟာ ကျွန်မကို ပြုံးတုံ့တုံ့ မော့ကြည့်လို့ ဒုတိယ ဘီယာခွက်အား အနီးသို့ တိုးကပ်ပေး၏။
နှုတ်ခမ်းကို ခပ်နာနာ ဖိကိုက်ထားသော YuNa က သူမ ဆံနွယ်စတစ်ချို့အား ဆွဲဖွရင်း " မသောက်နဲ့တော့ " ဟု မသိမသာ ခေါင်းခါပြသည်။ရှိုက်ထုတ်မိတဲ့ သက်ပြင်းတစ်ချက်။
ထပ်မံ လက်ချောင်းများထဲ ခုန်ဝင်လာသည့် ခွက်ထဲမှ ဘီယာရည်တစ်ချို့သည် လည်ချောင်းအတွင်း ခပ်မြန်မြန် စီးဆင်းဖို့ အမိန့်ကို မနာခံချင် နာခံချင်ဖြင့် တသွေမတိမ်း နာခံရပြန်၏။
ဒုတိယခွက် ပြောင်သလင်းခါသွားချိန်
သူ့အပြုံးတွေက ပိုမို လင်းလက်လာသယောင်။" ကဲ ရော့ .. နောက်ဆုံးတစ်ခွက် သောက်ပြီးရင် ညီမလေးကို အိမ်ပြန်ခေါ်သွားလို့ ရပြီ "
ဖျတ်ခနဲ မှိတ်ပြသော မျက်ဝန်းတစ်ဖက်။
ရုတ်တရက် မူးနောက်လာသည့် ဦးခေါင်းဟာ အမြင်အာရုံတွေကိုပါ မဆိုစလောက် ဝေဝါးစေသည်။