နုပ်နုပ်စင်းထားတဲ့ ကြက်သွန်နီနဲ့ Sausage အပြားလေးများ ရောကြော်ထားသော အမွှေးရနံ့ထဲ ထပ်မံ ဖြည့်လောင်းခွင့် တောင်းသည့် ခရမ်းချည်သီးဆော့စ်ရယ်၊ ငရုတ်ကောင်းမှုန့်ရယ်။
စားဖိုဆောင်အကူ မိန်းကလေးတွေ မျက်တောင် မခတ်တမ်း ပါးစပ်အဟောင်းသား ငေးမောနေသည်က မီးဖိုပေါ်မှ စားချင်စဖွယ် ဟင်းလျာကို မဟုတ်၊ ဟင်းချက်နေသော ကြည့်ချင်စဖွယ် စားဖိုမှူးလေးကိုသာ။
" ဘာလို့ အဲ့လောက်ကြည့်ကောင်းရတာလဲ "
" စားဖိုမှူး မလုပ်ဘဲ ရုပ်ရှင်မင်းသားလုပ်သင့်တာ "
ခပ်သေးသေး စိပ်ထားသည့် Cheese အတုံးလေးများအား အနံ့တထောင်းထောင်း လှိုင်နေပြီ ဖြစ်သော ဒယ်အိုးအတွင်း ဖြည်းဖြည်းချင်း ထည့်နေရင်း သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေ မသိမသာ ကွေးညွတ်သွားကြသည်။
" အော် Jae Young - ssi .. ခဏလေး ! ကမာက နှစ်ကောင်ပဲ ထည့်ရသေးတယ် .. သုံးကောင်ဖြစ်အောင် တစ်ကောင် ထည့်ဖြည့်ရဦးမယ် "
Customer တွေဆီ ယူသွားလုဆဲဆဲ ဟင်းပွဲကို သူ မြင်ကာ စိတ်မပြတ်နိုင်ဘဲ အမိန့်ပေးသည်။ စားပွဲထိုးလေးက " ဟုတ်ကဲ့ ဟုတ်ကဲ့ " ဟု သူ့အနီး လာရပ်တဲ့အခါ ပင်လယ်စာ Spaghetti ပေါ် ကမာတစ်ကောင် ထပ်ဖြည့်လို့ Rosemary အား ပန်းကန် အလယ်တည့်တည့်၌ ညီညာသွားအောင် ပြန်လည် ပြင်ဆင်လိုက်၏။
" ရပြီ သွားတော့ "
ခေါင်းတစ်ချက် ဆတ်ခနဲ ညိတ်ပြရာမှ နက်ခနဲ ချိုင့်ဝင်သွားသည့် ပါးချိုင့်လေးများ။
ကောင်မလေးတို့သည်တော့ အလှဆုံးအနုပညာတစ်ရပ်ကို ရင်ခုန်လှိုက်ဖိုစွာ ရှုစားနေရုံနဲ့ အသက်ရှူဖို့ပင် အာရုံရောက်ဟန်မပေါ်။
" တောင်း... တောင်းပန်ပါတယ် ...!! ကျွန်မ နောက်ကျသွားတယ် .... "
ဝရုန်းသုန်းကား ပြေးဝင်လာတဲ့ ပုံရိပ်။
ဒယ်အိုးထဲက Cheese နဲ့ Bacon အချို့ တစ်သားတည်း ဖြစ်သွားတော့ အဆာသွပ်ဖို့ ပေါင်မုန့် လှမ်းယူရင်း မျက်ခွံတစ်စုံကို သူ အမှတ်မထင် လှန်ကြည့်မိသည်။
" လမ်းမှာ ကားတွေ ကျပ်နေ..... "
သူ့မျက်ဝန်းတွေအတွင်း ထိုးဖောက်လာခဲ့သော အကြည့်များက နှလုံးခုန်သံတို့အား ဒိန်းခနဲ လျင်မြန်စေခဲ့စဉ် သူမ နှုတ်ခမ်းထဲမှ ပွင့်အံကျလျက် ရှိသည့် စကားလုံးတစ်ချို့ပါ ခေတ္တ ဆိုင်းငံ့သွားလျက်။