" မဟုတ်ဘူး ! မဟုတ်ဘူး !
ဦးလေး သေချာကြည့်ထား ! ကျွန်တော် ဒီတစ်ခါ တကယ် ရအောင် ပစ်ပြမယ် ! "အာရုံစူးစိုက်မှု အလုံးစုံအား မျက်ဝန်းထဲ ဖိတ်ခေါ်ရင်း တည်ငြိမ်အောင် တောင့်တင်းပစ်လိုက်သော ပုခုံးတန်း နှစ်ဖက်နှင့်အတူ လက်ချောင်းများအတွင်း ကျစ်ကျစ်ပါအောင် ထွေးဆုပ်လိုက်သည့် သေနတ်တစ်လက်။
အမြင့်သုံးပေခန့် ရှိတဲ့ အမွှေးပွပွ အနက်ရောင် ဝက်ဝံရုပ်တစ်ကောင်ဟာတော့ အလှပဆုံး ပစ်မှတ်တည်း။
" ကြည့်ထားနော် ဦးလေး .. မျက်တောင် မခတ်ဘဲ သေချာ ကြည့်နေ "
" ကဲ ကြည့်ကြသေးတာပေါ့ " ဟူသော အပြုံးတစ်ပွင့်ဖြင့် ဆိုင်ရှင် ဦးလေးကြီးသည် ထည်ထည်ဝါဝါ လက် ပိုက်ကာ ခေါင်းတညိမ့်ညိမ့် လုပ်နေလျက်။
ခပ်ပြင်းပြင်း ရှိုက်ထုတ်လိုက်သည့် အသက်ရှူသံ တစ်ချက်အဆုံး လက်ချောင်းများ၏ ပရိယာယ်ကြောင့် လေဟာနယ်ထဲ ခုန်ထွက်သွားရသော ကျည်ဆန်တစ်တောင့်ဟာ
အမြီှးတခါခါဖြင့် အရှေ့စူးစူးသို့ သွက်လက်စွာ ပြေးလွှားရင်း .... ပြေးလွှားရင်း ...." ‼️ "
ဟန်ချက်ပျက်၍ အနောက်ဘက်သို့ လဲယိုင်ကျသွားသည့် မွှေးပွအရုပ်ကလေး။
" Ohhhhh yessssssss !!!!!!!!!!
တွေ့ပြီမလား ဦးလေး ???
တွေ့ပြီဟုတ် ???ဘယ့်နှယ့်လဲ ? ဟဟဟဟ .... ကျွန်တော် ပစ်နိုင်တယ်လို့ ပြောသားပဲ မဟုတ်လား "
သကြားလုံး ရသွားသော ကလေးတစ်ယောက် မဟုတ်။
အမွှေးပွရုပ် ရ၍ ဝမ်းပမ်းတသာ ဟစ်အော်ခုန်ပေါက်နေသည့် လူကြီးတစ်ယောက်အား ကွက်ကြည့်ကွက်ကြည့် လုပ်ရင်း စျေးထဲ လှည့်လည်နေသော မိန်းကလေးတစ်ချို့က တခစ်ခစ် ရယ်သွားကြသည်။" မင်းကွာ .. နောက်ဆုံးတစ်ချက်မှ ထိတာ ဘာလုပ်ရမှာလဲ ?
မင်း အခုလေးတင် သေနတ်ပစ်ဖို့ သုံးလိုက်တဲ့ ပိုက်ဆံတွေ စုရင် အဲ့လို အမွှေးပွရုပ်မျိုး သုံးလေးရုပ်တောင် ဝယ်လို့ ရနေလောက်ပြီ "အနက်ရောင် ဝက်ဝံရုပ်ကလေးကို လက်ထဲ အရောက် လာထည့်ပေးရင်း ဦးလေးကြီးက ဘဝင်မကျစွာ ရယ်မော၏။