တုန်ယင်နေတဲ့ လက်ချောင်းနုနုများက သူ့ရဲ့ လက်ဖဝါး ထူထူ တစ်ဖက်ကို တုန်လှုပ်စွာ ထွေးပွေ့ထားလျက် အမှတ်တမဲ့ တိမ်းစောင်း ငေးကြည့်မိ၏။
မျက်ဝန်းတစ်စုံထဲ ခံစားချက်ပေါင်းမျိုးစုံ၏ အရိပ်တို့ တဖျပ်ဖျပ် ထင်ဟပ်နေလင့်ကစား ကျွန်မအား ယောင်ယမ်း၍တောင် သူ လှည့်ကြည့်မလာသလို၊ အားကိုးတကြီး ဆုပ်ကိုင်ထားသော ထို လက်တစ်ဖက်အတွင်းကိုလည်း အနည်းငယ်ပင် ပြန်လည် မထိတွေ့။
"ခင်ဗျားက တကယ် သူ့ရည်းစားလား"
Lee Howon အကြည့်များက ကျွန်မ နံဘေးမှ သူ့ မျက်နှာဆီအရောက် ဗရုတ်သုတ်ခနိုင်စွာ ပျံ့ကျဲသွားလျက်။
သူသည်တော့ တိတ်ဆိတ်နေသည်။
သူ့အတွက် ခက်ခဲလောက်မည် မဟုတ်သည့် အလိမ်အညာ စကားတစ်ခွန်းအား ထုတ်ဖော်ရေရွတ်ပေးဖို့ရာ ထူးထူးဆန်းဆန်း သူ ချီတုံချတုံ ဖြစ်လို့ နေသည်။
တမင် ဖန်တီးယူလိုက်သော ခွန်အားဖြင့် တစ်ခွန်းတစ်လေ ပွင့်အံလာပါစေ ဟု သူ့လက်ဖဝါးထဲ မသိမသာ ဖျစ်ညှစ်လိုက်သော်လည်း ထိုအချိန်ထိ သူ ဆွံ့အမြဲ ဆွံ့အနေသည်။
"......."
"Sae Bona မင်း မပြောင်းလဲသေးဘူးပဲ"
စိတ်ကုန်လက်ကုန် လေသံအနောက်တွင် တရစပ် ကပ်ပါလာသည့် ကျီစယ်သရော်မှု။
သနားစဖွယ် သတ္တဝါလေးနဲ့သာ ထိုက်တန်သော အကြည့်တစ်ချို့ ဖန်တီးပြီးပြီးချင်း ခရီးရောက်မဆိုက် ပေါ်ထွက်လာသည့် လှောင်ပြုံး။"မင်းနဲ့ငါ ပြတ်ပြီးမှ ပထမဆုံးပြန်တွေ့တဲ့
ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်တုန်းကလည်း...
လမ်းက တွေ့ကရာ ယောကျ်ားတစ်ယောက်လက် ဖမ်းဆွဲပြီး ဒါ ငါ့ရည်းစားပါလို့ မင်း ပြောခဲ့သေးတာ...
မမှတ်မိဘူးလား""......."
ခြောက်သွေ့သွားတဲ့လည်ချောင်း။
ဝဲတက်လာတဲ့ မျက်ရည်တွေ။
ရှက်ရွံ့မှုတစ်ခုက ရင်ဘတ်ထဲ ခိုင်မာစွာ အမြစ်တွယ်တော့ မိုက်မိုက်မဲမဲ ဖက်တွယ်ထားမိတဲ့ သူ့လက်ဖဝါးတစ်ဖက်ကို ညှာတာစွာ ဖြေလျှော့ပေးဖို့ ခွင့်ပြုပြီးချိန်မှာမှ
သူက ကျွန်မလက်ချောင်းတို့အတွင်း တင်းတင်းကြပ်ကြပ် ပြန်လည် ထွေးဆုပ်လာ၏။