ပန်းပွင့်သတို့သမီး
အပိုင်း (၁၃)
စာဂိရိသည် အကိုတော်၏ မျက်ဝန်အကြည့်ကို ပြန်သတိရလိုက်သည်။ ထိုစဉ်က မိမိပျော်နေသည် ကိုကြည့်ပြီး အကိုတော်လည်း ပျော်နေလိုက်တာ။သူ့မျက်ဝန်းက တင်ဂီရိ အကိုတော်လိုပဲ မိမိ အပေါ် စိတ်ရင်းအတိုင်းပြောနေခြင်းဖြစ်သည်။ မိမိပျော်ရွှင်မှူကို သူအလေးထားသည်မှာ မိမိအသိ ဆုံးဖြစ်သည်။ စာဂိရိသည် မိမိအပေါ် သံယောဇဉ်ကြီးကာ ပူပင်လွန်းသော အထိန်းတော်ကြီးကို ပြန်ဖက်ထားပြီး
'တိုခီဝါရဲ့ စေတနာတွေကို စာဂိရီ သိပါတယ်။ အကိုတော်က စာဂိရိ ကို အကောက်မကြံပါဘူး။ အကိုတော့်ကို စာဂိရိ ယုံတယ်။ စာဂိရိရဲ့ ဆံပင်ကို တင်ပါးအောက်ကနေ ဖြတ်ပေးပါ။ စာဂိရိ ယောက်ျားလေးလို ဆံထုံးထုံးချင်တယ်။ ဘာမှ မပူပါနဲ့။ အကိုတော် စာဂိရိကို မချစ်တော့ရင်လည်း စာဂိရိ ယောက်ျားဘ၀ကို ပြန်သွားတဲ့အခါ နေသားကျနေပြီးသားဖြစ်တာပေါ့။'
တိုခီဝါသည် သက်ပြင်းချပြီး သခင်မလေး အလိုကျ ဆံပင်ကိုဖြတ်ပေးလိုက်သည်။
'သခင်မလေး အရမ်းကိုစိတ်အားထက်သန်နေတယ်ဆိုလည်း တိုခီဝါ မတားတော့ပါဘူး။'
'ဒါက ထိမိုယွမ် အကိုတော်နဲ့ မဆိုင်ပါဘူး။ စာဂိရိရဲ့ ဆုံးဖြတ်ချက်သက်သက်ပါ။ စာဂိရိ ယောက်ျားလေးလို အသက်ရှင်ချင်တယ် တိုခီဝါ'
စာဂိရိ မိမိဆုံးဖြတ်ချက်ကို ပထမဆုံး ခိုင်မာစွာပြောလိုက်သည်။
နိုရုန်းသည် မင်းသားနှင့် အတူညီလာခံတက်ရန် လာခဲ့စဉ် လမ်းတွင် မိမိသိလိုသည်ကို မေးလိုက် သည်။
'မင်းသား... စာဂိရိ မင်းသမီးကို ယောက်ျားလေးပုံဝတ်ခိုင်းလို့ ဖြစ်ပါ့မလား။ မိဖုရားကြီးက စောင့် ကြည့်နေတယ်နော်။ တော်ကြာ မင်းသမီးကို တခုခု အပြစ်ပေးလိမ့်မယ်။'
ထိမိုယွမ်သည် ရိုးရိုးသားသားဖြင့် မိမိတို့အတွက် ပူပန်ပေးသော သူငယ်ချင်းကို ပြုံးကြည့်ကာ
'ကျူပ်က စာဂိရိကို စိတ်ချမ်းသာစေရမယ်။ သူဖြစ်ချင်တာ အားလုံးဖြည့်ဆည်းပေးမယ်လို့ နောင်တော် တင်ဂီရိကို ကတိပေးထားတဲ့အတိုင်း အကောင်အထည်စဖော်တာပါ။ စာဂိရိရဲ့ ဘ၀ မှန်ကို အားလုံးကို ဖွင့်ပြောပြီး သူ့ကို အများကလက်ခံလာအောင် တဆင့်ခြင်းသွားမယ်။ မဟုတ် ရင် စာဂိရိက လျှို့ဝှက်ချက်ကို ထိန်ချန်ထားပြီး မိဖုရားနေရာကို ရအောင်ယူတယ်လို့ သမိုင်းတွင် မခံနိုင်ဘူး။ စာဂိရိက နန်ကျောင်ရာဇ၀င်မှာ လျှို့ဝှက်ချက်ကင်းကင်း လိပ်ပြာသန့်သန့်နဲ့ နေထိုင် သွားရမယ်။ နန်ကျောင်ပြည်က လေးစားမြတ်နိုးရတဲ့ နတ်သားလေးဖြစ်စေရမယ်။'
နိုရုန်းသည် မင်းသားဥာဏ်များသည်ကို သိသော်လည်း အတားအဆီး ရန်သူများလှသဖြင့် ရင်မော သွားသည်။
'မိဖုရားကြီးရဲ့ အကိုတော် ပြည်ထဲရေးဝန်ကြီးက သူ့သမီးတော်ကို မင်းသားလက်မဆက်ရင် အရင် ပြသနာရှာတာ သူဖြစ်လိမ့်မယ်။ ပြီးတော့ မိဖုရားကြီးရဲ့ မောင်တော် စစ်သူကြီးတွေလည်း ရှိသေး တယ်။ '
ထိမိုယွမ်က ရယ်မောကာ
'နိုရုန်းရယ် ပြောတာမောပါတယ်။ နန်းတွင်းအုပ်စု တစ်ဝက်လို့ပြောရင် ရပါပြီ။ ကိစ္စမရှိပါဘူး။ ကျူပ်ရဲ့ မဟာမိတ်တွေလည်းရှိပါသေးတယ်။ နောင်တော်တင်ဂီရိကို နန်းတွင်းကို ဆင့်ခေါ်ဖို့ ကျူပ်ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ ညီလာခံကတော့ အတိုက်အခံလုပ်ရမယ့်နေ့ပေါ့။'
ထိမိုယွမ်သည် နန်းတွင်း ညီလာခံစသည်နှင့် စစ်သည်တော်များ စစ်ချီရင်း သေဆုံးသွားလျှင် ကျန်ရစ်သူ မိသားစု လျော်ကြေးပင်စင် မရသည့်ကိစ္စကို တင်ပြကာ စစ်တပ်လစာ၊ လျော်ကြေးကိုင် သည့်အမတ်ကို အကြောင်းရင်းကို မေးသည်။
'တိုက်ပွဲကျတာမဟုတ်လို့ သာမန်ဖျားနာ သေဆုံးသုများကို လျော်ကြေးမပေးခြင်းဖြစ်ပါတယ် အရှင့်သား။ဒီလိုသာ လျော်ကြေးလိုက်ပေးနေရင် ကျွန်တော်တို့စစ်တပ်မှာ ငွေကြေးပြတ်လပ်မှုတွေ ဖြစ်လာလိမ့်မယ်။ စစ်သားတစ်ယောက်ဖြစ်နေရင် သူ့ကိုယ်သူ ကျန်းမာအောင် နေရမှာ အဓိက တာဝန်ပါ။ သူ့ကျန်းမာရေးတောင် မစောင့်ရှောက်နိုင်ရင် တိုင်းပြည်ကို သူဘယ်လိုစောင့်ရှောက်နိုင် မလဲ။ ဒါကြောင့် နန်ကျောင် စစ်တပ်က ကျန်းမာရေးနဲ့ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းကို ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။'
ထိမိုယွမ် သည် စစ်သည်တော်ရွေးချယ်သည့် စစ်သူကြီးအား မေးခွန်းထုတ်သည်။
'ဟုတ်ပါပြီ။ ဒါဆို စစ်သည်တော် ရွေးချယ်စဉ်က ကျန်းမာသူကိုရွေူသလား။ မကျန်းမာသူကိုရွေးသ လား၊ အမတ်ကြီးဖြေပါ။'
'ကျန်းမာသန်စွမ်းပြီး ရုပ်ရည်ပြေပြစ်သူကိုသာ ရွေးချယ်ပါတယ် အရှင့်သား။'
စစ်သူကြီးက ရိုသေစွာပြန်ဖြေသည်။
'ကောင်းပြီ။ ဒါဆို လူငယ်တွေ စစ်တပ်ထဲ ၀င်လာစဉ်က ကျန်းမာရေးနဲ့ပြည့်စုံတယ် ဆိုတဲ့သဘော ပေါ့။'
'မှန်ပါတယ် အရှင့်သား။'
'အရှင်မင်းကြီး ကျွန်တော်တို့ နန်ကျောင်ပြည်က သာယာဝပြောပြီး စစ်တပ်အင်အားတောင့်တင်း တဲ့နိုင်ငံ အဖြစ်အတိုင်းတိုင်းအပြည်ပြည်မှာ ကျော်ကြားခဲ့ပါတယ်။ အဲ့ဒီအတွက် သားတော် နန်ကျောင် စစ်တပ်အတွက် အင်မတန်ကို ဂုဏ်ယူခဲ့ရပါတယ်။ နန်ကျောင်ပြည်သားလူငယ်များက လည်း ဂုဏ်ယူစွာနဲ့ စစ်တပ်ထဲကို ၀င်ရောက်ခဲ့ကြတယ်။ ဒါပေမယ့် သားတော်ကိုယ်တိုင် တုန်လှုပ် သွားစေတဲ့ အဖြစ်မှန်တခုကို မကြာခင်ကပဲ သိခဲ့ရပါတယ်။ ဒီအကြောင်းက နန်ကျောင်စစ်တပ် နဲ့ နန်ကျောင်ပြည်အုပ်ချုပ်သူကို အင်မတန် အရှက်ရစေမယ့် အရာတစ်ခုဖြစ်ပါတယ် ခမည်းတော် မင်းကြီး။'
ခန်မင်းကြီးသည် သားတော်၏စကားကြောင့် စိတ်ဝင်စားသွားသည်။
'ဘယ်လို အရှက်ရစရာလဲ သားတော်။'
ထိမိုယွမ်သည် မိမိတွေ့ခဲ့သည်ကို တင်ပြကာ
'အခုဆိုရင် အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ နန်ကျောင်စစ်တပ်က စစ်ချီရင်း အသက်ပေးသွား ရတဲ့စစ်သည်တော်ရဲ့မိသားစုကိုဘာမှကူညီငဲ့ညှာခြင်းမရှိပဲ လမ်းပေါ်ကို မောင်းထုတ်လိုက်ပါတယ်။
စစ်သည်တော် တစ်ဦးရဲ့သားက လမ်းပေါ်မှာ ရာဇ၀တ်သားဖြစ်မည့် လမ်းကြောင်းပေါ်ရောက်နေပါ ပြီ။ နန်ကျောင်စစ်တပ်ထဲဝင်ရောက် အမှုထမ်းခဲ့တဲ့ ဖခင်တစ်ဦးကြောင့် ကျန်ရစ်သူ ကလေးတွေမှာ ဒီလိုဖြစ်ရမယ်ဆိုရင် ဒါဟာ နန်ကျောင်စစ်တပ်ကျဆုံးမယ့် အက်ကြောင်းတစ်ခုကို အစပျိုးနေမိပါပြီ။ ဒါကို သားတော်တို့က အချိန်မှီပြန်လည် ပြင်ဆင်သင့်ပါတယ် ခမည်းတော် မင်းကြီး။'
မင်းကြီးသည် စစ်သေနာပတိချုပ်နှင့် အမတ်ချုပ်ဘက်လှည့်ကာ
'ဒီလို အကြင်နာတရားမဲ့တဲ့ အကြောင်းအရာတွေရှိခဲ့သလား အမတ်ကြီးနဲ့ စစ်သူကြီး'
အမတ်ချုပ်ကြီးက ရှေ့သို့ထွက်ကာ အရိုအသေပေးပြီး
' ကျွန်တော်မျိုးတို့ စစ်သည်တော် တန်းလျားကလူအရေတွက်နဲ့ တွက်ချက်ပြီး ဆောက်လုပ်ထား တာဖြစ်လို့ စစ်သည်တော် တစ်ဦး သေဆုံးလျှင်ဖြစ်စေ၊ နူတ်ထွက် သွားသည်ဖြစ်စေ အစားထိုး ခန့်အပ်တဲ့ စစ်သည်တော် နေဖို့ပေးရပါတယ်။ ဒါကြောင့် ယခင် စစ်သည်တော်ဟောင်းရဲ့ မိသားစု ကို ဖယ်ရှားရပါတယ်။ ပြီးတော့ ကျန်ရစ်တဲ့မိသားစုကို သူတို့ဇာတိပြန်နိုင်ဖို့ စရိတ်ငွေလည်း ပေးကမ်းပါတယ် မင်းကြီး။ '
စစ်သူကြီးချုပ်သည်လည်း အရိုအသေပေးကာ
'စစ်သည်တော်များက ကျွန်တော်မျိုးတို့ရဲ့ မိသားစုဝင်တွေပါ။ သူတို့ကို လက်လွှတ်စပယ် စွန့်ပစ် တာမျိုး လုံးဝ မလုပ်ပါဘူး။'
မင်းကြီးသည် အိမ်ရှေ့မင်းသားနှင့် အမတ်ချုပ်ကြီးတို့ အငြင်းပွားသည်ကို နားထောင်ကာ
'ကောင်းပြီလေ။ ဘယ်သူ့စကား မှန်တယ်ဆိုတာ ငါကိုယ်တော် အဖွဲ့ဖွဲ့ပြီးစုံစမ်းမယ်။ တကယ် လို့ ဒီဟာသာ အမှန်ဖြစ်တယ်ဆိုရင် တာဝန်ရှိသူများကို ထိရောက်တဲ့ အရေးယူမှုပြုရမယ် မောင်မင်းများ။ '
ညီလာခံစဲ သောအခါ နန်းတွင်းအုပ်စုများက မျက်နှာထားမကြည်မသာဖြင့် ထွက်ခွာသွားကြသည်။
ထိမိုယွမ်သည် ခမည်းတော်အဆောင်သို့ လိုက်လာပြီး ယောက်ဖတော် အာနန်မင်းသားကို စုံစမ်း စစ်ဆေးရေးအဖွဲ့ထဲ ထည့်ပေးရန် တောင်းဆိုလိုက်သည်။ နန်းတွင်းရှိ အုပ်ချုပ်ရေးအာဏာကို ဆုပ်ကိုင်ထားသော အုပ်စုကို ဖြိုရန် ပထမခြေလှမ်းကို စလှမ်းလိုက်လေပြီ။
မိဖုရားကြီး၏ အဆောင်တွင် အမတ်ချုပ်ကြီးနှင့် စစ်သူကြီးတချို့လည်း စုဝေးကာ တိုင်ပင်နေကြ သည်။
'ဘယ်လိုလုပ်ပြီး အိမ်ရှေ့မင်းသားက ဒီလိုကိစ္စကိုသိရှိသွားရတာလဲ။ စစ်သူကြီးတို့ကလည်း ကိုယ့် စစ်သည်တော်များကို သေချာကရုမစိုက်ကြဘူးလား။ မင်းတရားကြီးနားပေါက်သွားပြီ ဆိုတော့ သေချာကရုစိုက်ကြပါ။ အပျော်အပါးလည်းလျှော့ပြီး အလုပ်ကို ဖိဖိစီးစီးလုပ်ကြပါ။ '
'ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ အစ်မတော် မိဖုရား။ သေသွားတဲ့ စစ်သည်တော် မိသားစုအထိ ဘယ်သူ ကမှ လိုက်မကြည့်နိုင်ပါဘူး။ အဲ့လိုသာ လိုက်ကြည့်ရရင်လည်း ကျွန်တော်တို့က စစ်တိုက်ချိန် တောင် ရမှာမဟုတ်တော့ဘူး။ မင်းသားက တမင် ပြဿနာရှာတာပါ။ '
'မင်းသားလေးက အရင်ကနဲ့ မတူတော့ဘူး။ အပျော်အပါး လိုက်စားမှုနည်းသွားပြီး တိုင်းပြည်ရေး ကို စိတ်ဝင်စားလာတာ ကျွန်တော်တို့အတွက် မကောင်းဘူး။ တဖြည်းဖြည်း စားပေါက်ပိတ်လာနိုင် တယ်။'
မိဖုရားသည် တစုံတခုကို လေးလေးနက်နက် စဉ်းစားကာ
'မင်းတို့တွေ စစ်တပ် ရိက္ခာအလွဲသုံးစား လုပ်ထားတာရှိရင် ပြန်ဖြည့်ထားကြ။ စစ်ဆေးရေး အဖွဲ့ ကစစ်လို့မိသွားရင် မိဖုရားကြီးလည်း မကယ်နိုင်ဘူး။ အမတ်ကြီးလည်း ပြည်သူ့အရေးကိုပစ်မထား နဲ့ဦး။ မြို့တော်မှာ သူဖုန်းစားတွေ များနေတာကိုလည်း ရှင်းထားလိုက်ဦး။'
' အိမ်ရှေ့မင်းသားကို အာရုံပြောင်းဖို့ ပင်းပင်းနဲ့ နီးစပ်အောင် လုပ်ပေးလိုက်ရင် ကောင်းမယ် ထင်တယ် အစ်မတော်'
'အေး အစ်မတော်လည်း နီးစပ်အောင်ကြံနေတာပဲ။ သူက ပင်းပင်းကို သတိတောင် မထားမိဘူး။
မင်းတို့လည်း ခြေရာလက်ရာတွေ ဖျောက်ထားပြီး ငြိမ်နေကြဦး။ အစ်မတော်လည်း ပင်းပင်းကို ရှေ့ဆက်တိုးခိုင်းလိုက်ဦးမယ်။'
မိဖုရားကြီးသည် အမတ်များပြန်သွားသည်နှင့် ပင်းပင်းကို ခေါ်ကာ သေချာမှကြားပြီး ဆက်လုပ်ရန် အစီအစဉ်ကို ချမှတ်သည်။ ပင်းပင်းသည် အလှဆုံးပြင်ဆင်ပြီး အိမ်ရှေ့မိဖုရားလောင်းထံသို့ ထွက် လာခဲ့သည်။ ပန်းရောင်ဖျော့ဖျော့ ပိုးသားဝတ်ရုံက ပင်းပင်း၏ ကိုယ်ပေါ်တွင် ချပ်ရပ်ကာ ရှိုက်ကြီး ဖိုငယ် အသွယ်သွယ်ဖြင့် မြင်သူတို့ တပ်မက်ချင်စဖွယ်ဖြစ်အောင် အလှဆုံးပြင်ဆင်ထားသည်။
အာနန်မင်းသမီး၏ သေးသွယ်ကာ ပိန်ပါးသောကိုယ်လေးက ၀ါးပင်လေး လေယူရာယိမ်းနွဲ့နေ သည့် ပမာထင်ရသည်။ အချောအလှပေါင်းစုံကို ထည်လဲတွဲလာသော အိမ်ရှေ့မင်းသားသည် ဘယ်လိုဖြစ်ပြီး အင်မတန်လှပသော်လည်း ကိုယ်လုံးကိုယ်ထည်ပိန်ပါးသော မင်းသမီးလေးကို စွဲလန်းနေသည်ကို ပင်းပင်းစဉ်းစားလို့မရတော့ပေ။ ယောက်ျားလေး မပြောနှင့် မိန်းမချင်းပင် သတိမထားမိလောက်သော ကိုယ်လုံးပိုင်ရှင်လေးက ပင်းပင်း ငယ်ကတည်းကစွဲလန်းခဲ့ရသော အိမ်ရှေ့မင်းသာ၏ အချစ်ကို ပိုင်ဆိုင်ထားသည်ကတော့ ပင်းပင်းအတွက် အင်မတန်ခံရခက်စေ သောအချက်ဖြစ်သည်။
'ဘယ်လိုမှော်အတတ်တွေနဲ့ ညှို့ယူထားပါစေ။ နင့်လက်ထဲက အိမ်ရှေ့မင်းသားကို ရအောင်ယူ မယ် စာဂိရိရေ။ နင့်ကိုတော့ မမုန်းပါဘူး။ ဒါပေမယ့် ငါချစ်တဲ့သူကို နင်စေ့စပ်ထားလို့ နင့်ကို ငါ ခွင့်မလွှတ်နိုင်ဘူး။ မိဖုရားခေါင်က ငါ့အတွက်ပဲ။ ဒီနေရာကို ငါကလွဲလို့ ဘယ်သူမှ မရစေရဘူး။'
ပင်းပင်းတစ်ယောက်တည်း ရေရွတ်နေမိသည်။ မိမိကိုယ်ကို အားပေးနေခြင်းလည်းဖြစ်သည်။ အရီးတော်က တချက်လွှတ် အမိန့်ပေးခဲ့ပြီးဖြစ်သည်။ အိမ်ရှေ့မင်းသား၏ အချစ်ကို ရအောင် မယူ နိုင်ခဲ့လျှင် မိမိနေရာတွင် အခြားသောဆွေတော်မျိုးတော် မင်းသမီးတစ်ဦးကို အစားထိုးမည်ဟုခေါ် ပြောထားပြီးဖြစ်သည်။ထို့ကြောင့် ပင်းပင်း အစွမ်းကုန်ပြင်ကာစာဂိရိနားကပ်ရင်း အိမ်ရှေ့မင်းသား မိမိကို သတိထားမိအောင်လုပ်ရမည်။ မိမိကို သူ သတိမထားမိလျှင် မိမိ၏ အခွင့်ရေးအားလုံး အခြားသော ညီမတော်လက်ထဲကို ရောက်သွားပေလိမ့်မည်။ မိမိ မအောင်မြင်လျှင် သာမန် အမတ် သို့မဟုတ် စစ်သူကြီး တစ်ဦးဦးနှင့်သာ လက်ဆက်ရပြီး သာမန်ဘ၀ကိုသာ ပိုင်ဆိုင်ရတော့မည်။ ပင်းပင်းတွေးရင်း ရင်မောစွာဖြင့် သက်ပြင်းရှိုက်မိသည်။ မိမိအောင်မြင်မှ ဖြစ်မည်။
ထိမိုယွမ်သည် စစ်သည်တော်ကိစ္စ္စကိုအစပြုပြီး နန်းတွင်းတွင် စုံစမ်းစစ်ဆေး ရေး အဖွဲ့ဝင်ရွေးသည်မှ စပြီးအလုပ်များသဖြင့် စာဂိရိထံသို့ပင် နေ့တိုင်း ပုံမှန် မသွားနိုင်တော့ပေ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် များတွင် အမတ်ချုပ်ကြီးတို့လူ ၄ ဦး နှင့် အိမ်ရှေ့မင်းသား၏လူ ၄ ဦး ပါဝင်သည်။
အမှုကိစ္စ္စကိုစုံစမ်းသည်ထက် နန်းတွင်းတွင် အင်အားပြိုင်သည့် သဘောဖြစ် လာသဖြင့် ထိမိုယွမ်လုံးဝ မပေါ့ဆရဲပေ။ ပြိုင်ဖက်အုပ်စုကို မိမိမဖြိုနိုင်လျှင် မိမိထီးနန်းဆက်ခံသည့်အခါ အတားအဆီးများ ဖြစ် လာမည်။ မိမိ၏အာဏာကို အမတ်ချုပ်ကြီးတို့အဖွဲ့က ချူပ်ကိုင်ထားပြီး သူတို့ကြိုးဆွဲရာကရသည့် ဘ၀သို့ ရောက်သွားနိုင်သည်။ မိမိတွင်အာဏာမရှိလျှင် စာဂိရိ၏ အနာဂတ်ကို သာယာလှပအောင် မိမိထားနိုင်မည် မဟုတ်တော့ပေ။
စာဂိရိထံ ပုံမှန်ရောက်နေသည်ကတော့ မင်းသမီး ပင်းပင်းဖြစ်သည်။ တနေ့သော် ပင်းပင်း စာဂိရိထံ လာခိုက် စာဂိရိကို မတွေ့ရသဖြင့် အခြွေရံများကိုမေးကြည့်သောအခါ မြင်းစီးလေ့ကျင့်ရန် ထွက်သွား သည်ဆိုတော့ မြင်းရထားဖြင့် စာဂိရိသွားသည့်နေရာကို လိုက်လာခဲ့သည်။
မြို့ပြင် မြင်းစီးလေ့ကျင့်သည့်ကွင်းတွင် ပင်းပင်း စာဂိရိကို လိုက်ရှာသော်လည်းမတွေ့ပေ။ စစ်သည် တော်များ၊တပ်မှုးများကို မေးကြည့်လိုက်မှ မင်းသမီးလေး မြင်းစီးကျင့် သည့်နေရာကိုသိကာ ချက်ချင်း လိုက်သွားသည်။
'ဟင်..... စာဂိရိက ယောက်ျားလေးလို ၀တ်ထားပါလား။'
ပင်းပင်းသည် နတ်သားလေးတပါးပမာချောမွေ့လှပလွန်းသော အာနန် မင်းသမီးလေးကို ငေးကြည့် နေမိသည်။ မိန်းကလေးလို သိမ်မွေ့စွာလှပ သလောက် ယောက်ျားလေးအ၀တ်ဖြင့်လည်း စွဲဆောင် နိုင်လွန်းလှသော စာဂိရိ ကို ကြည့်ကာ ရင်ထဲကတုန်ကယင်ဖြစ်လာသည်။ မိမိ သူ့လက်ထဲကနေ အိမ်ရှေ့မင်းသားကို လုယူနိုင်ပါ့မလားဟု တွေးကာ အားငယ်လာမိသည်။
' စာဂိရိ မင်းသမီး .....'
ပင်းပင်း အသံပြုလိုက်စဉ် စာဂိရိ လှည့်ကြည့်လာပြီး မြင်းကို အသော့နှင်လာသည်။ ၀ါဂွမ်းလိုဖြူဆွတ်ကာ လှပလွန်းသော မြင်းဖြူကြီးပေါ်တွင် သက်တောင့်သက်သာထိုင်ပြီး ပြုံးကာ မိမိကို ၀မ်းသာအားရနူတ်ဆက်နေသော အာနန် မင်းသမီးလေးကို ကြည့်ရင်း ပင်းပင်း ၀မ်းနည်း သလိုခံစားလာရသည်။ ရုပ်လှသလိုဖြူစင်လွန်းသော မင်းသမီးလေးကို မိမိသူငယ်ချင်းလိုခင်ချင် သည်။ ယခုတော့ မိမိဘ၀က မိဖုရားဖြစ်ချင်တော့ သူငယ်ချင်းပင်တစ်ဦးမှ မထားရသည့်အဖြစ်ပင်။
" ပင်းပင်း .. ပင်းပင်းလည်း မြင်းစီးသင်သလားဟင်။ အတော်ပဲ စာဂိရိ အဖော်ရပြီ။"
စာဂိရိသည် မြင်းကို ပင်းပင်းရှေ့တွင်ရပ်ကာ စိတ်ရင်းအတိုင်းနူတ်ဆက်ကာ ပြောလိုက်သည်။ပင်းပင်း သည် စာဂိရိကို အားကျ မနာလိုစွာကြည့်ကာ
" ဟင့်အင်း... ပင်းပင်း မြင်းစီးမသင်ပါဘူး။ နန်ကျောင်နန်းတွင်းသူတွေဆိုတာ သိမ်သိမ်မွေ့မွေ့ နေရ တယ်လေ။ နူးညံ့သိမ်မွေ့မှုမရှိတဲ့ မိန်းကလေးကို မိဖုရား ခေါင်ကြီးက နှစ်သက်မှုမရှိဘူးလေ။"
စာဂိရိအနည်းငယ်တော့ မလုံမလဲဖြစ်သွားသည်။မိမိက အိမ်ရှေ့မိဖုရားလောင်းဖြစ်သော်လည်းမြင်းစီး သင်နေသည်ဆိုတော့ စည်းကမ်းကို ချိုးဖောက်ရာကျ နေသည် မဟုတ်လား။ သို့သော် ပင်းပင်း မျက်လုံးထဲမှ အားကျရိပ်လေးကို တော့စာဂိရိ တွေ့လိုက်ရသဖြင့် မြင်းစီးသင်ချင်သော်လည်း မသင် နိုင်သော မိန်းကလေးများကို သနားသွားမိသည်။
" ပင်းပင်း စာဂိရိကိုရှာတာ ဘာအကြောင်းရှိလို့လဲဟင်။"
"သြော် ...ပင်းပင်းက နန်းတွင်းဓလေ့နဲ့ရာဇ၀င်ကို နည်းနည်းရှင်းပြပေးမလို့ပါ။"
"ဒါတွေကို စာဂိရိ လေ့လာပြီးပါပြီ။ ဆရာနိုရုန်းက အားလုံးသင်ပေးပြီးပြီ။"
စာဂိရိသည် ပင်းပင်းနှင့် စကားပြောနေစဉ် ဆရာနိုရုန်းရောက်လာသည်။
"မင်းသမီးပင်းပင်းကို ဂါရ၀ပြုပါတယ်။ "
ပင်းပင်းသည် အိမ်ရှေ့စံ၏သူငယ်ချင်း စာပေပညာရှင်နိုရုန်းကိုယ်တိုင် မြင်းစီး လေ့ကျင့်ပေးနေသည် ကိုတွေ့သော် မယုံကြည်နိုင်အောင်ဖြစ်မိသည်။ အင်မတန်တော်ကာ မာနကြီးလှသော ပညာရှင်က အာနန်မင်းသမီးလေးကို ဖော်ပြုပေးနေသည်ကတော့ အံ့သြစရာဖြစ်နေသည်။ အိမ်ရှေ့စံကိုယ်တိုင် တောင်းဆိုထားလို့သာ လုပ်ပေးနေခြင်းဖြစ်မည်။ ပင်းပင်း သည် စာဂိရိကို တအံ့တသြလေး ကြည့် မိသည်။ ဒီမင်းသမီးလေး ဘာဆေးတွေများဆောင် ထားလို့ အိမ်ရှေ့မင်းကတန်းတန်းစွဲနေသလဲဟု တွေးမိသည်။ သို့သော် အပြင်ပန်းတွင် ပြုံးချိုစွာဖြင့် နိုရုန်းကို နူတ်ဆက်ကာ စာဂိရိကို ခင်မင်သည့် လေသံဖြင့်
"ပင်းပင်းက စာဂိရိပျင်းနေမလားလို့ အဖော်လုပ်ပေးရအောင်လာတာပါ။ စာဂိရိ မြင်းစီးလေ့ကျင့်လို့ ပြီးတော့မလားဟင်။ ပြီးရင် အတူမုန့်စားရအောင်။ ပင်းပင်း စောင့်နေမယ်လေ။"
"စာဂိရိပြီးပါပြီ။ ပင်းပင်းနဲ့အတူလိုက်ခဲ့ပါ့မယ်။ ဆရာ စာဂိရိပြန်နှင့်တော့မယ်နော်။"
"ကောင်းပါပြီ မင်းသမီး"
စာဂိရိသည် နန်ကျောင်မင်းသမီးလေးနှင့် အတူလိုက်လာခဲ့သည်။ အကိုတော် သတိပေးထား သော် လည်း စကားပြောကြည့်သောအခါ ပင်းပင်းမှာ ခင်စရာကောင်းနေသဖြင့် စာဂိရိ ရင်းရင်းနှီးနှီးလေး ဆက်ဆံမိသည်။ တွေ့သည့်လူတိုင်းကို မိမိကဲ့သို့ပဲ မှတ်ထင်နေမိသည်။
တိုခီဝါကတော့ ပင်းပင်း မကြာခဏလာသည်ကို မနှစ်သက်ပေ။ ပင်းပင်းသည် မိဖုရားခေါင်ကြီးမှ အိမ်ရှေ့စံနှင့် သဘောတူထားသော မင်းသမီးမှန်းသိသဖြင့် စာဂိရိကို ကြိတ်ပြီးသတိပေးသော်လည်း သဘောထားဖြူစင်လှသော စာဂိရိ က ခင်ခင်မင်မင်ရှိသဖြင့် တိုခီဝါ စိတ်ပူနေမိသည်။ စာဂိရိထံမှ စကားနိုက်ပြီး ဘာတွေများ အလိမ်ပေါ်သွာမလဲဟု တွေးကာ ပင်းပင်းလာတိုင်း ရင်မောနေရ သည်။
~ ဆက်ရန်