ပန်းပွင့်သတို့သမီး
အပိုင်း (၁၆)
"ပင်းပင်း "
စာဂိရိ နူတ်ဆက်သည့် အသံကိုကြားသောအခါမှ တင်ဂီရိ လှည့်ကြည့်မိလိုက်သည်။ ဖော့ဖယောင်း လိုပျော့ပြောင်းကာ မိန်းကလေးဆန်လှသည့် အလှနှင့် မင်းသမီး ပင်းပင်းက မိမိကို စူးစမ်းသလိုလေး ကြည့်နေပြီး မိမိနှင့် အကြည့်ခြင်းဆုံလိုက်စဉ် သူမလေး၏ မျက်နှာထက်ဝယ် နှင်းဆီခင်းတစ်ခု ဖြတ် ပြေးသွားသည်ကို တွေ့လိုက်မိသည်။ ရှက်သွေးဖြာနေသော မိန်းကလေးများက ဆွဲဆောင်မှုရှိသည် ကို တင်ဂီရိ လက်ခံသွားသည်။
တင်ဂီရိ သူမရှက်နေသည်ကို သိသော် သူမကို မကြည့်ပဲ အခြားဖက်ကို ငေးနေလိုက်သည်။ ယောက်ျားကောင်းဆိုသည်မှာ အားနွဲ့သော မိန်းကလေးများကို အနေကြပ်အောင်အလုပ်သင့်ပေ။
ပင်းပင်းသည် မိမိကို တွေ့သည့်တိုင် မျက်နှာအမှုအယာပြောင်းလဲမှုမရှိပဲ တဖက်သို့လှည့်သွားသည် ကိုတွေ့သော် ရင်ဝယ်ရှက်ရွံသိမ်ငယ်စိတ်များ ၀င်လာမိသည်။ မိမိမျက်နှာက ယောကျာ်းတစ်ဦးကို မဆွဲဆောင်နိုင်သည့်အပြင် မျက်နှာလွဲသွားရလောက်အောင် အကြည့်ရဆိုးနေသလားဟု တွေးလိုက် မိသည်။ သို့သော် နန်ကျောင်နန်းတွင်းတွင် မိမိက အလှဆုံးဖြစ်ပြီး နန်ကျောင်သာမက အခြားတိုင်း ပြည်မှ မင်းသားများက လာရောက်လူပျိုလှည့်ခံရသည်အထိ ကျော်ကြားခဲ့သဖြင့် ယခုလို မျက်နှာလွှဲ ခံရသည်က ပထမဆုံးဖြစ်သည်။ ပိုဆိုးသည်က မိမိထက် အဆပေါင်းများစွာ လှသည့် စာဂိရိ၏ အကိုရင်း၏ မျက်နှာလွှဲခြင်းခံရသည်က ပင်းပင်းကို သိမ်ငယ်သွားစေသည်။
သူ့ညီမ၏ လှပသောမျက်နှာနှင့် မိမိကို ယှဉ်ကြည့်ပြီး မျက်နှာလွှဲသွားသည်ဟု ထင်လိုက်မိသည်။ အခြားယောက်ျားသာ မိမိကို ဒီလို ဆက်ဆံလျှင် ဒေါသအလိမ့်လိုက်ထွက်မည်ဖြစ်သော်လည်း ယခု တော့ ပင်းပင်းစိတ်ထဲတွင် ၀မ်းနည်းခြင်းသာ စိုးမိုးနေသည်။ ယောက်ျားတစ်ဦးကြောင့် မိမိ ယခုလို ခံစားရသည်က ပထမဆုံးဖြစ်သည်။ ထိမိုယွမ် မင်းသားသည်ပင် ငယ်ကတည်းက မိဖုရားခေါင် ဖြစ် ချင်ဇောဖြင့်သာ အတင်းမျက်နှာချိုသွေးကာ နောက်မှလိုက်ခဲ့သည်ကလွဲရင် ရင်ခုန်ခြင်းမရှိခဲ့ပေ။
စာဂိရိသည် ပင်းပင်း၏ လက်ကိုဆွဲကာ အကိုတော်နှင့် မိတ်ဆက်ပေးသည်။
"အကိုတော်... ဒါက စာဂိရိရဲ့ အခင်ဆုံး သူငယ်ချင်း မင်းသမီး ပင်းပင်းပါ။ မိဖုရားခေါင်ကြီးရဲ့ တူမတော်ပေါ့။ ပင်းပင်း ဒါက စာဂိရိရဲ့ အကိုတော် တင်ဂီရိပါ။"
တင်ဂီရိ သည် ပင်းပင်းဘက်လှည့်ကာ အရိုအသေပေးပြီး
"တွေ့ရတာ ၀မ်းသာဂုဏ်ယူမိပါတယ် မင်းသမီး။ ကျွန်တော်က တင်ဂီရိပါ။ လိုအပ်တာ ရှိရင် ခိုင်းစေနိုင်ပါတယ်။"
"အို... ပင်းပင်း မခိုင်းဝံ့ပါဘူးရှင်။ ပြီးတော့ ပင်းပင်းကို မင်းသမီးလို့ မခေါ်ပါနဲ့၊ ပင်းပင်းလို့ပဲ ခေါ်ပါ။ ပြီးတော့ ပင်းပင်းကို ညီမလိုသဘောထားပြီး ဆိုဆုံးမပါရှင်။"
တင်ဂီရိသည် စကားပြောလိမ္မာပါးနပ်လွန်းသော မင်းသမီးကို ပြုံးကြည့်ကာ
"မင်းသမီးလို ဂုဏ်ကြီးမြင့်လှတဲ့သူကို နာမည်တပ် မခေါ်ဝံ့ပါဘူး ခင်ဗျာ။ သင့်လည်း မသင့် တော်ပါဘူး။ မိဖုရားခေါင်းကြီးသိရင် ကျွန်တော် အပြစ်ပေးခံရပါလိမ့်မယ်။"
ပင်းပင်း၏ မျက်နှာလေး မသိမသာ ပျက်သွားသည်။ ထို့နောက် မျက်နှာထားကိုပြင်ကာ
"အကိုတော်ရဲ့ သဘောပါ။ ပင်းပင်းကတော့ ကိုယ့်ရဲ့ အကိုလို သဘောထားလိုက်ပါပြီ။"
စာဂိရိသည် ပင်းပင်း၏ လက်လေးကို ဆုပ်ကိုင်ကာ
"အကိုတော်ရဲ့ စကားကို စိတ်ထဲမှာမထားပါနဲ့။ အကိုတော်က မိန်းကလေးတွေနဲ့ ဆက်ဆံရေး ကြဲတာ တောင်းပန်ပါတယ်။ ဒါကြောင့် ခုထိ ချစ်သူတယောက်မှ မရှိတာလေ။ အကိုတော်အတွက် သတို့သမီးတယောက်ရှာတွေ့အောင် ပင်းပင်းကို အကူအညီတောင်းရအုံးမယ်။"
စာဂိရိ၏ စကားကြောင့် ပင်းပင်းရင်ထဲတွင် လှိုက်ခနဲဖြစ်သွားသည်အထိ ၀မ်းသာသွားမိသည်ကို တော့ ကိုယ့်ကိုယ်ကို နားမလည်နိုင်တော့ပေ။
တင်ဂီရိသည် စဂိရိ၏ စကားကြောင့် မျက်နှာရိပ်မျက်နှာကဲဖြင့် ဟန့်လိုက်သည်။
ပင်းပင်းသည် တင်ဂီရိ၏ အမူအရာကို ကြည့်ကာ ရင်ခုန်လာသဖြင့် မျက်နှာကို လွှဲကာ
"ရပါတယ်။ ပင်းပင်း ရဲ့ ညီမလေးတွေက အရမ်းကို ချောကြတယ်။ အကိုတော်ကို မိတ်ဆက်ပေးပါ့ မယ်."
"စာဂိရိလျှောက်ပြောတာ ဗွေမယူပါနဲ့ မင်းသမီး။ စာဂိရိ တော်တော့။ ကိုယ့်အကိုကို သူများရှေ့ ဘာတွေ လျှောက်ပြောနေတာလဲ။ ကဲ.. မင်းသမီး ကျွန်တော့်ကို ခွင့်ပြုပါဦး။ ကလေးတွေကို အဆောင် ကိုပြန်ပို့ရအုံးမယ်။" တင်ဂီရိ နူတ်ဆက်ကာ အမြန်ပြန်လာခဲ့သည်။ပင်းပင်း၏မျက်ဝန်းအကြည့်ကို သိသော်လည်း ဥပက္ခာ ပြုထားလိုက်သည်။ လူတစ်ဦး၏ စိတ်ရင်းက အကဲခတ်ရခက်သည် မဟုတ်လား။
စာဂိရိ၏ ဘ၀သည် နန်ကျောင်နန်းတွင်းတွင် တဖြည်းဖြည်းနေသားကျလာသော်လည်း အကိုတော် တင်ဂီရိပြောသလို အကိုတော် ထိမိုယွမ်ကို ချုပ်ကိုင်နိုင်ရန် မူယာမာယာဖြင့် မချစ်ချစ်အောင် လုပ် ဖို့ လုံးဝစိတ်ကူးမထားပေ။ စာဂိရိ ၏အတွေးထဲဝယ် မိမိတကယ်ချစ်ရသူကို စိတ်ရင်းအတိုင်း ဘာ အကျိုးမှမမျှော်ကိုးပဲ ချစ်ချင်ပါသည်။ သူ့အချစ်ကိုလည်း မိမိအပေါ်သန့်စင်စေချင်သည်။ ပြီးတော့ လောလောဆယ် အကိုတော် ထိမိုယွမ်အပေါ်မိမိ ချစ်သူလိုချစ်မချစ် မသိပေ။ မိမိသိသည်က အကို တော်ကို ခင်သည်။မိမိလိုသမျှကို ဖြည့်ဆည်းပေးပြီး ကာကွယ်ပေးသည်။သူ့ကို မိမိခင်တွယ်သည်။
တကယ်တော့ စာဂိရိသည် ကလေးမမွေးနိုင်သော မိမိဘ၀ ကိုသိထားသောကြောင့် ထိမိုယွမ်ကို ရင်ဖွင့်ပြီး မချစ်ရဲခြင်းဖြစ်သည်။တနေ့သူတကယ်ချစ်ရတဲ့ မိဖုရားပေါ်ပေါက်လာလျှင် မိမိ အသည်း ကွဲကာ ပြည်တော်ပြန်ရမည်ဖြစ်သည်။ထိုစိတ်က စာဂိရိ၏ စိတ်ထဲတွင် စွဲမြဲနေသဖြင့် သူ့ကို စာဂိရိ မချစ်မိအောင် အလိုလိုစိတ်ကို တားဆီးထားသလိုဖြစ်နေသည်ကို မိမိဖာသာ မသိပေ။
လောလောဆည် စာဂိရိ အရမ်းပျော်သည်။မိမိ အကိုတော်တင်ဂီရိ လည်း နန်ကျောင်နေပြည်တော် တွင် ရောက်နေသည်။ စာဂိရိ သည် အကိုတော် နှစ်ဦးနှင့် တခါတရံ ညစာ အတူစားသည်။ အကိုတော် တင်ဂီရိ တာဝန်ယူရာ အထူးစစ်သည်များအဖြစ် ပြုပျိုးထောင်ပေးနေသည့် ကလေးများ ရှိရာ နေရာသို့ သွားသွားလည်သည်။ တင်ဂီရိသည် ကလေးများ၏ အဆောင်တွင် စာပေပညာရှင် များ၊ တပ်မှုးများ ကို အုပ်ချုပ်ကာ သင်ကြားမှုကို အသေးစိတ်ကရုစိုက်သည်။ ထိုကလေးများသည် အနာဂတ်တွင် အိမ်ရှေ့မင်းသား၏ သစ္စာရှိတပ်သားများဖြစ်လာမည့်သူဖြစ်သည်။ နန်ကျောင်ပြည် ကို ကာကွယ်ပေးမည့် သူရဲကောင်းများဖြစ်လာမည့်သူများဖြစ်သဖြင့် စိတ်ဓါတ်ရေးရာနှင့် ခံယူချက် ပိုင်းကို အသေအချာ သင်ကြားလေ့ကျင့်ပေးသည်။
စာဂိရိသည် ယောက်ျားလေး စာလုံးရေးဟန်များကို လေ့ကျင့်နေရာ ခရီးအတော် ရောက်နေပြီ။ မိမိ တိုးတက်မှုကို ဆရာနိုရုန်းကို အမြဲစစ်ဆေးခိုင်းသည်။ တခါတရံ ကဗျာလေးများစပ်ကာ လေ့ကျင့် သည်။ ထိုကဗျာများကို အကိုတော်ထိမိုယွမ် မြင်သွားမှာကြောက်ပြီး သိမ်းရဖွက်ရတာ တလုပ်ဖြစ် နေသဖြင့် တိုခီဝါကပင် ပြောယူရသည်အထိပင်။
'သခင်မလေးရယ် မင်းသားလေးတွေ့သွားတော့ ဘာဖြစ်လဲ။ ဘာလို့သိမ်းနေရတာလဲ။'
'တိုခီဝါကလည်း။ သူက လှောင်မှာပေါ့။ စာကောင်းကောင်း မရေးတတ်သေးဘူး။ ကဗျာစပ်ချင် တယ် လို့ဆူမှာစိုးလို့။ ပြီးတော့ စာဂိရိ သူ့ကို အံသြအောင် လုပ်မလို့။ အခုကတည်းက လေ့ကျင့် နေတာ။'
ထိုစဉ် အပျိုတော် တစ်ဦးဝင်လာပြီး လျှောက်တင်သည်။
'သခင်မလေး မင်းသမီး ပင်းပင်းရောက်နေပါတယ်။'
တိုခီဝါ အံ့သြသွားသည်။ ယခုတလော မင်းသမီး က စာဂိရိထံ အလာစိပ်လှချည်လား။
'သခင်မလေး ဒီနေ့ဘယ်သွားမလို့လဲ။'
'အကိုတော် တင်ဂီရိ စီသွားမလို့လေ။ ပင်းပင်းက လိုက်ကြည့်ချင်တယ်ဆိုလို့။'
'သခင်လေးက လူစိမ်းခေါ်မလာခိုင်းဘူး မဟုတ်လား။ ပြီးတော့ မင်းသမီးက အမတ်ချုပ်ကြီးတို့ အုပ်စုထဲကနော်။ သူက သတင်းထောက်လှမ်းချင်လို့လား မသိဘူး သခင်မလေး။'
စာဂိရိက တိုခီဝါ၏ ကိုယ်ကို ဖက်လိုက်ပြီး
'တိုခီဝါရယ် အသက်ရှင်ရတဲ့ခဏလေးမှာ အရာရာကို သံသယနဲ့ ကြည့်နေရတာ ပင်ပန်းပါတယ်။ သူတို့လုပ်ချင်တာ လုပ်ပါစေ။ တရားကိုနတ်စောင့်ပါတယ်။ ကဲ တိုခီဝါ လိုက်မယ် မဟုတ်လား။'
'လိုက်ရမှာပေါ့။ သခင်မလေး သွားလေရာကို တိုခီဝါ ထပ်ချပ်မခွာလိုက်မှာပေါ့။'
'ဒါကြောင့် တိုခီဝါကို ချစ်ရတာ။ '
စာဂိရိ တိုခီဝါကို ဖက်နမ်းကာ အပြင်သို့ထွက်သွားသည်။ တိုခီဝါသည် သက်ပြင်းချကာ ကျန်ရစ်ခဲ့ သည်။ ကလေးအတွေးသာရှိသေးသောစာဂိရိကို အပြိုင်အဆိုင်များလှသော မိဖုရားနေရာလု တိုက် ပွဲများကြား နစ်မွန်းသွားမည်ကို ကြောက်မိသည်။
ပင်းပင်းသည် စာဂိရိကို ယခင်ကဲ့သို့ လင်လုဖက်ဟု မမြင်တော့ပေ။ မိမိချစ်သော အာနန်မင်းသား ၏ ညီမလေးအဖြစ် ပြောင်းလဲမြင်ကာ စာဂိရိကို ခင်မင်စွာ လက်တွဲကာ ပါလာသော လက်ဆောင် ကိုပေးကာ စကားစမြည်ပြောနေသည်။ ယခင်လို မိမိကိုမခင် ခင်လာအောင်ပြောခြင်းမျိုးမဟုတ်ပဲ စာဂိရိကို စိတ်ရင်းဖြင့်ပြောနေခြင်းဖြစ်သည်။
စာဂိရိသည် မင်းသမီးပင်းပင်း နှင့်အတူ အကိုတော် တင်ဂီရိ ထံသို့ အလည်လာခဲ့သည်။
တင်ဂီရိသည် တပ်သားသတင်းပို့သဖြင့် စာဂိရိနှင့် ပင်းပင်းရောက်နေသည်ကို ကြားကာ အဆောင် ရှေ့တွင် ထွက်ကြိုနေလိုက်သည်။ ပင်းပင်းလိုက်လာသည်ကို သိပ်သဘောမကျပေ။ သူမ၏ ဖခင် က အတိုက်အခံ အုပ်စုထဲပါသည်ဖြစ်သောကြောင့် အတော့်ကိုကရုစိုက်မှရမည်။စာဂိရိကိုသတိပေး သော်လည်း ကရုမစိုက်ပဲ ခေါ်လာသဖြင့် နောက်မှ ဆူပစ်လိုက်မည်ဟု တေးထားလိုက်သည်။
'အကိုတော်... အကိုတော် မလာတာကြာလို့ စာဂိရိ လွမ်းလို့လိုက်လာတာနော်။ စာဂိရိကို မဆူ နဲ့။'
စာဂိရိ ပြေးကာ အကိုတော် ၏ လက်ကို ဖက်ကာ ချွဲလိုက်သည်။ တင်ဂီရိက မျက်မှောင်ကြုတ်ကာ တချက်ကြည့်လိုက်ပြီး
'အေး.. မဆူဘူး။ အိမ်ရှေ့မင်းသားကို အမိန့်ထုတ်ပြီးတားခိုင်းလိုက်မှာ။ မိန်းကလေးဖြစ်ပြီး ဘာလို့ နေရာတကာ လျှောက်သွားချင်ရတာလဲ။ ခမည်းတော်ဆီ စာရေးပြီး တိုင်ရအုံးမယ်။'
'အကိုတော်နော်။ဒါဆို စာဂိရိ အကိုတော့်ဆီ ဘယ်တော့မှ လာမတွေ့တော့ဘူး။ သွားတော့မယ်။
လာ ပင်းပင်း... အကိုတော်က စိတ်ပုပ်တယ်။ သွားရအောင်။ မြင်းပဲ သွားစီးတော့မယ်။'
စာဂိရိက ပင်းပင်းလက်ကို ဆွဲကာ ထွက်သွားမည်အပြု တင်ဂီရိက တားလိုက်သည်။
'စာဂိရိ .. တော်ပြီ။ ကလေးအလုပ်တွေ။ မင်းသမီးကို အထဲခေါ်လိုက်ပါအုံး။ မင်းသမီး ခွင့်လွှတ် တော်မူပါ။ ကျွန်တော့် ညီမလေးကို ဆိုဆုံးမဖို့လိုအပ်သွားပါတယ်။ မင်းသမီး ဒီကို ကြွလာတာ ဘာ ခိုင်းစရာများရှိလို့ပါလဲ။ မိန့်တော်မူပါ။'
ပင်းပင်းသည် သူတို့မောင်နှမ နှစ်ဦး ပြောဆိုနေသည်ကို ကြည့်ကောင်းကောင်းနှင့်ကြည့်နေစဉ် သူ့ထံမှ ကြည်လင်သော အကြည့်တစ်စုံနှင့်အတူ သူစိမ်းဆန်သော သူ့စကားသံများက မိမိရင်ကို နာကျင်စေပါသည်။ သို့သော် ပင်းပင်းစိတ်ဓါတ်မကျပါ။ သူ့ထံမှ ကရုစိုက်မှုနှင့် နွေးထွေးမှုကို ရအောင်ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။ မိမိချစ်မိသောသူထံမှ ကရုစိုက်မှုတချက်ရလျှင်ပင် ကျေနပ်ပါပြီ။
'ပင်းပင်း ပျင်းလို့ထွက်လာတာပါ အကိုတော်။ အကိုတော်ကို အနှောက်အယှက်ဖြစ်အောင် လုပ်မိ ရင်တောင်းပန်ပါတယ်။ '
ပင်းပင်း မျက်နှာလေးညှိုးကာ တောင်းပန်စကားဆိုရင်းလှည့်ထွက်ရန် ပြင်လိုက်စဉ် တင်ဂီရိက အရိုအသေပေးကာ
'ကျွန်တော် စကားမှားသွားရင်တောင်းပန်ပါတယ် မင်းသမီး။ မင်းသမီးကြွလာတာ ကျွန်တော့် အတွက် အနှောက်အယှက် မဖြစ်ပါဘူး။ ဂုဏ်ယူစရာအဖြစ်ပါ။ မင်းသမီး ကျေးဇူးပြုပြီး အဆောင် ထဲကို ကြွတော်မူပါ။ စာဂိရိ မင်းသမီးကို ခေါ်ပါအုံး။'
သူ့တောင်းပန်စကားကြောင့် ပင်းပင်း မျက်နှာလေး လန်းလာပြီး စာဂိရိ၏ လက်ကိုတွဲကာ အဆောင်ထဲ ၀င်လာခဲ့သည်။ သူနေသည့် အဆောင်က သန့်ရှင်းသပ်ရပ်ကာ စာအုပ်များသာ များသည်။
ပင်းပင်းသည် သူတည်ခင်းသော လက်ဖက်ရည်ကို သောက်နေစဉ် နိုရုန်းအဆောင်ထဲဝင်လာ သဖြင့် စာဂိရိ ထကာ နုတ်ဆက်လိုက်သည်။
'ဆရာ... ဒီနေ့ ဆရာ ဒီမှာရှိတာလား။ '
'မင်းသမီးတို့ ရောက်နေလို့ လာနူတ်ဆက်တာပါ။ '
နိုရုန်းသည် ပင်းပင်းကို အရိုအသေပေးလိုက်သည်။ ပင်းပင်းကလည်း ဦးညွတ်ကာ နူတ်ဆက်လိုက် သည်။
စာဂိရိသည် နိုရုန်းအနားသွားကာ
'အတော်ပဲ ဆရာ။ စာဂိရိ မရှင်းတာလေး မေးစရာရှိလို့ ဆရာအားတဲ့နေ့ အဆောင်လာပေးပါဦး'
နိုရုန်းက ပင်းပင်း စိတ်ဝင်တစား နားစွင့်နေသည်ကို တွေ့သော စကားစကို အမြန်ဖြတ်လိုက်ရ သည်။
'ဒီညနေ လာခဲ့ပါ့မယ် မင်းသမီး။ အခု ကျွန်တော့်ကို ခွင့်ပြုပါအုံး။ ကလေးတွေကို စာသင်ဖို့ အချိန် နီးနေပါပြီ။ မင်းသမီး ပင်းပင်း ကျွန်တော့်ကို ခွင့်ပြုတော်မူပါ။'
ပင်းပင်းသည် မိမိမသိစေချင်တာရှိလို့ နိုရုန်းစကားစဖြတ်ကာ ထွက်သွားသည်ကို ရိပ်မိလိုက်
သည်။ စာဂိရိသည် အကိုတော်ကို မြင်းစီးထွက်ရန် ပြောနေသည်ကို အသာနားထောင် နေလိုက် သည်။ အာနန်မင်းသားသည် သူ့ညီမလေးကို အရမ်းချစ်ကာ ကရုစိုက်မှန်း အမူအရာမှာတဆင့် သိရှိရသဖြင့် ပင်းပင်းသည် မိမိကို ချစ်ခင်ကာ အလိုလိုက်မည့် အကိုတစ်ယောက်ကို ပြင်းပြင်းထန် ထန်တောင့်တမိလိုက်သည်။ ယခုတော့ မိမိဘ၀က တာဝန်များဖြင့် ဘယ်တော့မှ မပျော်ရွင်ရပေ။
ပင်းပင်းသည် တင်ဂီရိကို စကားချိုသာစွာဖြင့် ပြောကာ သူတို့လုပ်ဆောင်နေသည်ကို မသိမသာ မေး နေလိုက်သည်။ တင်ဂီရိက ပင်းပင်းမေးသည်ကို ဖြေသော်လည်း အတွင်းကျကျ လုံးဝမဖြေပဲ စကားကို လမ်းကြောင်းလွဲလိုက်သည်။ စာဂိရိ ကတော့ အကိုတော့်စားပွဲပေါ်က စာအုပ်များကို ကြည့်ကာ တအုပ်ယူဖတ်နေလိုက်သည်။
ပင်းပင်း သည် စစ်ရေးကျမ်းများကို ဖတ်နေသော စာဂိရိ ကိုကြည့်ကာ အံ့အားသင့်နေမိသည်။ စာဂိရိ စာသင်နေသည်ကို ကြားသော်လည်း ဒီလောက်ဖတ်နိုင်မည်ဟု မသိပေ။ တင်ဂီရိသည် ပင်းပင်း၏ အကြည့်ကို တွေ့သော် အာရုံလွှဲသည့်အနေဖြင့် သူမကို ပန်းခြံထဲ ဖိတ်ခေါ်ကာ ပန်းပင် များကို လိုက်ပြလိုက်သည်။ ပင်းပင်းသည် စာဂိရိ အကြောင်းကိုမေ့သွားပြီး သူခေါ်ရာသို့ ချက်ချင်း ထလိုက်လာခဲ့သည်။ ထိုနေ့သည် ပင်းပင်းအတွက် မယုံနိုင်အောင် ကြည်နူးစရာ အချိန် လေးဖြစ်ခဲ့ သည်။ မိမိတိတ်တခိုး ချစ်မိသူနှင့် အတူ ပန်းခြံထဲ လမ်းလျှောက်ရင်း သူပြောပြရာ အာနန်ပြည် အကြောင်းကို နားထောင်ခဲ့ရသည်။ သူနှင့် အတူရှိသည့် အချိန်လေးတွင် ပင်းပင်းသည် မိဖုရား ခေါင်ကြီး ဖြစ်ချင်စိတ်လည်း မရှိခဲ့ပေ။ လောဘတို့ ကင်းကွာကာ ငြိမ်းချမ်းမှုကိုသာ ခံစားနေရ သည်။
ထိမိုယွမ်သည် စာဂိရိထံသို့ လာခဲ့စဉ် နိုရုန်း ရောက်နေသည်ကို တွေ့လိုက်သည်။ နိုရုန်းနှင့် စာဂိရိ တစုံတခုကို အတူတူ ကြည့်ကာ ခေါင်းခြင်းဆိုင်ပြီး တီးတိုးပြောနေသည်။
'သခင်မလေး...မင်းသားလေး ကြွချီလာပါပြီ'
တိုခီဝါ၏ အသံကို ကြားသော် စာဂိရိ မော့ကြည့်ကာ စာရွက်တရွက်ကို စာရွက်ပုံထဲ ထိုးထည့်လိုက် သည်ကိုတွေ့လိုက်ရသည်။
'အကိုတော်.. ဒီနေ့ မလာဘူးဆို။'
'အင်း... ခမည်းတော်က နေသိပ်မကောင်းလို့ ညီလာခံ ဖျက်လိုက်လို့လေ။ ဘာလဲ။ ကိုယ် လာ လိုက်တာ စာဂိရိကို အနှောက်အယှက်ဖြစ်သွားလို့လား။'
အိမ်ရှေ့မင်းသား၏ စကားကြောင့် နိုရုန်း နူတ်ဆက်ကာ အလိုက်တသိ ထွက်သွားလိုက်သည်။ အိမ်ရှေ့မင်းသားက သူလာသည့် အချိန်မိမိ ရှိနေသည်ကို လိုလားဟန်မပြသဖြင့် သ၀န်တိုတတ် သော သူ့စိတ်ကို သိလို့ ရှောင်သွားလိုက်ခြင်းဖြစ်သည်။
စာဂိရိက သူ့နားကို သွားကာ
'အကိုတော်လာမယ်မှန်း မသိလို့ အကိုတော် ကြိုက်တာလေး ဘာမှ မစီစဉ်ထားရလို့ပြောတာပါ'
ထိမိုယွမ်က စာဂိရိ စကားကိုကြားမှ စိတ်နည်းနည်းပြေသွားသည်။
'တကယ် ကိုယ်ကြိုက်တာ ကျွေးချင်တာလား။'
'အင်း.. တကယ်ပေါ့။ စာဂိရိ ဘယ်တုန်းက လိမ်ဖူးလို့လဲ။'
ထိမိုယွမ်ပြုံးသွားပြီး စာဂိရိကိုယ်လေးကို ပေါင်ပေါ်တင်ကာ ဖက်ထားပြီး
'ကဲ... ဒါဆို စာဂိရိရဲ့ အချစ်တွေကျွေးပေတော့။ ကိုယ် စာဂိရိနဲ့ မတွေ့ရတာ ၅ ရက်တောင်ရှိပြီ။'
'အကိုတော်နော်။ လာရင် ဒါတွေပဲ ပြောနေတယ်။ လက်တောင် မထပ်ရသေးပဲ ဒါပဲခဏခဏ တောင်းနေတယ်။ ခမည်းတော် သိရင် အပြစ်ပေးခံရလိမ့်မယ်။'
ထိမိုယွမ်က စာဂိရိ၏ အ၀တ်အောက်ထဲ လက်ကို လျှိုသွင်းကာ ပွတ်သပ်ပြီး
'ခမည်းတော် က နန်းတော်ထဲ အပ်ကျတာက အစသိတယ်။ ခမည်းတော် သဘောတူလို့ ကိုယ့် ကို မတားတာပေါ့။ စာဂိရိက တနေ့တခြား ကိုယ့်ကို ညှို့ငင်နေတယ်။ ကိုယ် မနေနိင်တော့ဘူး။ ညအိပ်တိုင်း စာဂိရိကိုပဲ သတိရနေမိတယ်။ ချစ်တယ်.. စာဂိရိရယ်။ ကိုယ့်ကို ချစ်ရဲ့လား။'
စာဂိရိ သူ့အထိအတွေ့ကြောင့် တွန့်သွားပြိး ရုန်းရန်ကြိုးစားသော်လည်း သူက လုံးဝလွှတ်မပေးပဲ ဇွတ်မေးနေသဖြင့် စာဂိရိ သူ့ကို မော့ကြည့်ကာ
'ဟင့်အင်း စာဂိရိ မသိတော့ဘူး။ အကိုတော်ကို အကိုတော် တင်ဂီရိလိုပဲ သဘောထားမိတယ်။'
'ဟေး .. အဲ့လို သဘောထားလို့ မရဘူးလေ။ ယောက်ဖတော်နဲ့ ကိုယ်က မတူဘူး။ ကိုယ် စာဂိရိ ရဲ့ ခင်ပွန်း။ '
ထိမိုယွမ်က စာဂိရိ၏ လည်တိုင်ကျော့ကို နမ်းရှိုက်ကာ ပြောလိုက်သည်။ စာဂိရိ သူ့ အနမ်းကြောင့် တီးတိုးညည်းမိသည်။ သူက စာဂိရိ၏ ညည်းသံကြောင့် စိတ်တို့ပိုထန်လာပြိး စာဂိရိ၏ အ၀တ်ကို ဆွဲချကာ ပုခုံးသားဖွေးဖွေးလေးကို မက်မက်မောမောနမ်းနေမိသည်။ သလင်းသားလို ဖြူဖွေးကာ နူးညံ့လှသော ပုခုံးလေးကို နမ်းရင်း စိတ်မထိန်းနိုင်တော့သဖြင့် စာဂိရိကို ပွေ့ကာ သလွန်ပေါ်တင် လိုက်တော့သည်။ ငါးရက်တိုင် လွမ်းခဲ့သမျှ အတိုးနှင့် ရယူနေတော့သည်။
~ ဆက်ရန်